ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု ဆန်ခါးမှော်ရှိ “မဟာကျောက်မျက်ကုမ္ပဏီ”လုပ်ကွက်အတွင်း ယနေ့နေ့လည် ၂ နာရီခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားရာ၊ လတ်တလော အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁၀ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း သိရသည်။
မြေစာပုံ ပြိုကျမှုတွင် ရေမဆေးကျောက်ရှာသူများနှင့် ဈေးရောင်းသူများ စုစုပေါင်း ၁၀၀ ဦးခန့်ပါသွားကြောင်း လုံးခင်း ကျေးရွာ ဆယ်အိမ်မှူး ဦးဆန်းဦးက ဧရာဝတီသို့ ပြောသည်။
“အခုပြိုကျတဲ့နေရာကို ရှာဖွေရေးလုပ်နေကြတုန်းပဲ၊ ဒဏ်ရာရတဲ့သူလဲ များတယ်၊ လူနာတွေထပ်တိုးလာနိုင်သေးတယ်၊ ပါသွားတဲ့လူက တရာလောက်ရှိတယ်လို့ ပြောကြတယ်”ဟု ၎င်းကပြောသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ လတ်တလောတွေ့ရှိထားမှုအရ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁၀ ဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။
လက်ရှိတွင် ပြိုကျသည့်နေရာမှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ မြေစာပုံမှပြန်လည်တွေ့ရှိသည့် လူနာ ၅၀ ခန့်အား လုံခင်းတိုက်နယ်ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မြေစာပုံကျရာနေရာသည် လုံခင်းတိုက်နယ်ဆေးရုံနှင့် ၃ မိုင်ခန့်ကွာဝေးပြီး ဒဏ်ရာရသူများသည့်အတွက် ဖြေးဖြေးချင်း သယ်ယူနေရကြောင်း ဒေသခံတဦးကပြောသည်။
ဖားကန့်ဒေသခံ ကိုထွန်းထွန်းက “ လူနာတင်ကားတွေ ခုထိသွားနေကြတုန်း၊ ပါသွားတဲ့လူတွေ ကျန်နေသေးတယ် ပြောကြတယ်၊ ဆေးရုံမှာလည်း လူတွေအများကြီးပဲ”ဟု ဆေးရုံရဲ့ အခြေအနေကို ပြောပြသည်။
မြေစာပုံပြိုကျခဲ့သည့် မဟာ ကျောက်မျက်ကုမ္မဏီသည် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ ညပိုင်းက ဝန်ထမ်းများနှင့် လစာကိစ္စ ညှိနှိုင်းရာမှ အချေအတင်ဖြစ်ကာ ဂိုထောင်တန်းလျားများ မီးရှို့ခံခဲ့ရသည့် ကုမ္မဏီဖြစ်ကြောင်းလည်း သိရသည်။