ပိုင်ရှင်မဲ့သစ်အမှုတွင်ပတ်သက်နေသည့် ရဲအရာရှိများ အမှု စိစစ်နေဆဲ
ကျောက်ဆည်မြို့တွင် ဖမ်းမိခဲ့သည့် တရားမဝင်သစ်များအား ပိုင်ရှင်မဲ့ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် ရဲအရာရှိများအား ရဲတရားရုံးမှ စစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်များအားအတည်ပြုရန် ရဲချုပ်ရုံးက စိစစ်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။
အမှုတွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ကျောက်ဆည်ရဲစခန်းမှ ဖမ်းဆီး စစ်ဆေးခဲ့ခံရသူ ၅ ဦးအနက် အခင်းဖြစ်ညတွင် တာဝန်မှူးဖြစ်သူ ဒုရဲအုပ်ကိုကိုလင်းအား လုပ်သက်တနှစ်လျော့ ပြစ်ဒဏ် အတည်ပြုချမှတ်ခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ပြီဖြစ်သည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “ ဖမ်းဆီးထားသူတွေနဲ့ပတ်သက်လို့ ရဲတရားရုံးကပြစ်ဒဏ်တွေ ချမှတ်ပြီးပါပြီ၊ ဒါကိုအတည်ပြုနိုင်ဖို့ ဥပဒေလုပ်ငန်းစဉ်တွေအတိုင်းပဲ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
အမှုတွင် ကျောက်ဆည်စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦးနှင့် စခန်းမှူးသစ် ဒုရဲမှူး ဝင်းနိုင်တို့ကို ပုဒ်မ ၁၃(က)/၁၆(ခ)/၁၇(င)/၂၂ ဖြင့်လည်းကောင်း၊ နယ်ထိန်းခေါင်းဆောင်ရဲအုပ်သန်းထိုက်အား ၁၃(ခ)/ ၁၆(ခ)/၂၂ဖြင့်လည်းကောင်း၊ ဒုတပ်ကြပ် ချစ်စန်းကိုအား ပုဒ်မ ၁၃(ခ)/၁၆(ခ)/၁၇(င)ဖြင့်လည်းကောင်း မ ၂၃ ရက်နေ့တွင် ရဲတရားရုံးက စွဲချက်တင်ကာ ပြစ်ဒဏ်များအား ရဲချုပ်ရုံးသို့ ပေးပို့ထားခြင်းဖြစ်သည်။
အမှုတွင် လုပ်သက်လျော့ပြစ်ဒဏ်ချခံရသည့် ဒုရဲအုပ်ကိုကိုလင်းက “ အချုပ်ထဲ ၂ လကျော်နေလိုက်ရတယ်၊အခုတော့ လုပ်သက်တနှစ်လျော့နဲ့လွတ်တယ်၊ ဒီကြားထဲ အချုပ်ခံရချိန်အတွက် လစာက တဝက်ပဲရတယ်”ဟု အခြေအနေကိုရှင်းပြသည်။
ဒုရဲအုပ်ကိုကိုလင်းသည် အမှုတွင် ပါဝင်ပတ်သက်မှုမရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တိုင်ကြားသူများကိုယ်တိုင် ထုတ်ဖော်ပြောကြပြီး အမှုအားဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ကျာက်ဆည်မြို့ခံများက ဂုဏ်ပွဲချီးမြှင့်ပွဲတွင်လည်း ၎င်းအား ထည့်သွင်းကာ ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
အမှုအားဖော်ထုတ်တိုင်ကြားခဲ့သူ ကိုစိုးသီဟက “ ပါဝင်ပတ်သက်တဲ့သူကို ထိုက်တန်တဲ့ပြစ်ဒဏ်ပဲ ပေးစေချင်တယ်၊ ဒီအမှုတခုတည်းနဲ့လည်း ဒီလိုအကျင့်ပျက် ခြစားမှုတွေက ပျောက်သွားမှာမဟုတ်ပါဘူး၊ ဒါကို အားလုံးက ဆက်လုပ်ရဦးမှာပါ”ဟုပြောသည်။
ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့သည် တရားမဝင်သစ်များသယ်ဆောင်လာသည့် ကားအား ယာဉ်ပေါ်ပါသူနှစ်ဦးနှင့်အတူ ဧပြီ ၂၅ ရက်နေ့ညပိုင်းက ကျောက်ဆည်မြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်းဖမ်းဆီးမှုကြောင့် ရဲတပ်သားနှစ်ဦးအနေဖြင့် စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦး၏ ဆူပူကြိမ်းမောင်းမှုခံခဲ့ရပြီး ဖမ်းထားသည့်သစ်များအား ပိုင်ရှင်မဲ့အမှုဖွင့်ကာ ဖမ်းထားသူနှစ်ဦးအား ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ရပ်အပေါ် ကျေနပ်မှုမရှိသည့်အတွက် ရဲတပ်သား ထွန်းထွန်းဝင်းနှင့်ဇေယျာမောင်တို့အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးက လက်မှတ်ရေးထိုးကာ ကျောက်ဆည်မြို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့နှင့်ပူးပေါင်းပြီး အကျင့်ပျက်ရဲဝန်ထမ်းများအား အရေးယူပေးရန် မေလ ၂ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ တိုင်ကြားစာတွင် စခန်းမှူးမှ ၎င်းတို့နှစ်ဦးအား အခန်းတွင်ခေါ်ယူကာ “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ၊ အခုမြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ”ဟုပြောဆိုကာ အသစ်ရောက်ရှိလာသည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ရှေ့တွင် ဆူပူကြိမ်းမောင်းခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ယင်းဖော်ပြချက်နှင့်ပတ်သက်ပြီး ကျောက်ဆည်မြို့နယ်မှူးအား ရာထူးမှနှုတ်ထွက်ရန် တိုင်းရဲတပ်ဖွဲ့ကနှုတ်ဖြင့်ပြောကြားခဲ့ကြောင်းလည်း သိရသော်လည်း ယနေ့အထိ ၎င်းနှင့်ပတ်သက်၍တစုံတရာ အရေးယူထုတ်ပယ်ခြင်းမျိုး ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါ။
အခင်းဖြစ်ညတွင် သစ်နှင့်အတူ ဖမ်းဆီးထားသူနှစ်ဦးအား စခန်းတွင်ထိန်းသိမ်းထားစဉ် နယ်ထိန်းခေါင်းဆောင် သန်းထိုက်နှင့် မုံလာ(ခ) အောင်စိုးမိုး ဆိုသူတို့ စခန်းသို့ရောက်ရှိလာသည့်အခါ ဒုတပ်ကြပ်ချစ်စန်းကိုမှ ဖမ်းထားသူနှစ်ဦးအား မုံလာ၏ကားပေါ်သို့တင်ပေးကာ လွတ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့လွတ်ပေးခဲ့သူနှစ်ဦးအား ယနေ့အထိပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ ၎င်းတို့အား လာရောက်ခေါ်ဆောင်သွားသူ မုံလာအား လက်ရှိတွင် ကျောက်ဆည်ရဲစခန်း၌ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက် ဥပဒေပုဒ်မ ၆(၁)/၉ ဖြင့်အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
ဆက်စပ်ဖတ်ရှုရန်-“ပိုငျရှငျမဲ့” သဈအမှုကို ဖောျထုတျလိုကျတဲ့ ရဲတပျသား ၅ ဦး