သတင်း

မန္တလေးကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁၆ ဦး အမည်တင်သွင်း

Want create site? Find Free WordPress Themes and plugins.

လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လစ်လပ်မဲဆန္ဒနယ် ၃ နေရာ အတွက် အမည်စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆ ဦး အထိရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်းကို ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်အထိ သတ်မှတ်ပေးခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်များက လက်ခံခဲ့သည်။

“နောက်ဆုံးစာရင်းပိတ်အရ လစ်လပ်နေရာ ၃ နေရာအတွက် အမည်စာရင်းတင်သွင်းသူ ၁၆ ဦး အထိရှိတယ်၊ နောက်ဆုံးရက်မှာ တက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ပါတယ်၊ အားလုံးကို ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်တွေနဲ့အညီ စိစစ်ဆောင်ရွက်သွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေး မှူး ဦးကျော်ကျော်စိုးက ပြောသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တနိုင်လုံးတွင် လစ်လပ်နေရာ ၁၃ နေရာရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌ လစ်လပ်နေရာ ၃ နေရာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ လစ်လပ်မဲဆန္ဒနယ် ၃ နေရာရှိရာ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ၁ နေရာ၊ သပိတ်ကျင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ် ၁ နေရာတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါလစ်လပ်နေရာများအတွက် အမည်စာရင်းတင်သွင်းမှုများမှာ ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလကိုယ်စာလှယ်တဦးဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်သူ့အလုပ်သမားပါတီတို့မှ အမည်စာရင်တင်းသွင်းထားပြီး သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု လယ်သမား၊အလုပ်သမားအင်အားစုပါတီနှင့် အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းအမည်စာရင်တင်းသွင်းထားကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ရာ လစ်လပ်မဲဆန္ဒနယ်များတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြုစုစိစစ်ခဲ့ကြောင်း၊ အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၉ ရက် နေ့မှ ၂၂ ရက်နေ့အထိ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

“မဲဆန္ဒရှင်စာရင်းတွေကို မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းဖြစ်မှာပါ၊ဒါကြောင့် မဲဆန္ဒရှင်တွေအနေနဲ့ မဲဆန္ဒရှင်စာရင်းကို သွားကြည့်ပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုကြရပါမယ်၊ ဒါမှသာ စစ်မှန်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာမှာပါ”ဟု ဦးကျော်ကျော်စိုးက ဆက်လက် ပြောသည်။

မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေညာရာတွင် မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့တောင်းယူ၍ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

မဲစာရင်း ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ၄ နေရာ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အတွက် ၈ နေရာ လစ်လပ်လျှက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်ရွေးကောက်ပွဲမဲစာရင်း အမျိုးသမီးများ စိတ်ဝင်စားမှု လျော့နည်း 
NLD နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်သဘောရှိတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading