သတင်း

ပင်လုံ ညီလာခံ ရလဒ်အပေါ် အားမရ ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း ပြော

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များကို အားရကျေနပ်မှု မရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) မှ ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

“ဒီပင်လုံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့လည်း အမှန်အတိုင်း ဝန်ခံရရင် အားမလို၊ အားမရ ဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တနှစ်လောက်ကြာမှ ကျင်းပနိုင်တဲ့ ဒီ ညီလာခံကြီးမှာ ရလာမယ့် ရလဒ်က အားရကျေနပ်မှု မရှိဘူး” ဟု ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းက ဆိုသည်။

တတိယ အကြိမ် ၂၁ ပင်လုံ အစည်းအဝေး၌ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ ၄ ခုမှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၁၄ ချက်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက နေပြည်တော်တွင် ဆွေးနွေးလျက် ရှိသည်။

ပြည်တွင်းစစ် ငြိမ်းချမ်းစေရန် အတွက် ငြိမ်းချမ်းရေး ဆွေနွေးပွဲများ ကျင်းပနေကြခြင်းမှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေသည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေရေး ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များမှာ ပြည်တွင်း ငြိမ်းချမ်းရေးကို အာမခံချက်ပေး နိုင်သည့် အချက်အလက်များ အလုံအလောက် မရှိသေးဟု ဝန်ခံလိုကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက ပြောသည်။

“ကျနော်တို့ အားလုံး တင်ပြပြီးပြီ။ အဲဒီ တင်ပြချက်အပေါ်မှာ အစိုးရနဲ့ တပ်မတော်က ပူးပေါင်းပြီး အပြုသဘောနဲ့ ဆွေးနွေးနိုင်မယ် ဆိုရင် အင်မတန် ကောင်းပါတယ်။ ထို့အတွက်ကြောင့် ကျနော် ရိုးရိုးသားသားပဲ တင်ပြချင်တယ်။ ဒီညီလာခံ ရလဒ်ကို အားရစရာမရှိဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ယနေ့ မနက် ပြုလုပ်သည့် အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးတွင် ကဏ္ဍ ၄ ရပ်လုံးမှ ရရှိလာသည့် အချက် ၁၄ ချက်လုံးသည် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း ၂ ၏ အခြေခံမူများ အဖြစ် ချုပ်ဆိုနိုင်မည့် အလားအလာများ တွေ့ရကြောင်း ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဒုတိယ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဆိုသည်။

၎င်းက “ကျနော်တို့ အခြေခံမူ ရရှိရေးကို ကြိုးပမ်း ဆောင်ရွက်ဖို့ အတွက် လမ်းကြောင်းလည်း ပွင့်သွားတာ ဖြစ်ပါတယ်” ဟု UPDJC အတွင်းရေးမှူး အဖွဲ့ အစည်းအဝေး အပြီး၌ မီဒီယာများကို ပြောသည်။

နိုင်ငံရေး ကဏ္ဍတွင် ကျားမဆိုင်ရာ တန်းတူညီမျှမှု၊ စီးပွားရေး ကဏ္ဍတွင် တိုင်းနှင့် ပြည်နယ်များ အတွင်း စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးစီမံ ကိန်းနှင့် မူဝါဒများ ၊ လူမှုရေး ကဏ္ဍတွင် ပြန်လည် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆိုင်ရာ အခြေခံမူ သဘောတူညီချက်များ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွင် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာ အကွယ်ပြုရေး အစီအမံများ အစရှိသည်တို့ကို ခေါင်းစဉ် ၁၄ ခု တပ်၍ ဆွေးနွေးနေခြင်း ဖြစ်သည်။

ယင်း အခြေခံ ၁၄ ချက်ကို ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ အဖြစ် အတည်ပြုနိုင်ရန် ယခု UPDJC အစည်းအဝေးကို နေပြည်တော်ရှိ MICC 2 တွင် ကျင်းပနေရှိပြီး တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက် အထိ ကျင်းပလျက် ရှိ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading