သတင်း

အိမ်အကူကို အဓမ္မပြုကျင့်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ သရုပ်ဆောင် သီဟတင်စိုး

သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးက သူ့ရဲ့အိမ်မှာ နေအိမ်မှာ အသက် ၄၀ အရွယ်၊ အိမ်အကူ မခင်မာမြင့်ကို အဓမ္မကျင့်တယ်လို့ တိုင်ကြားမှု ရှိခဲ့တာကြောင့် ဇူလိုင်လ ၁၄ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ထားတယ်လို့ သုဝဏ္ဏနယ်မြေ ရဲစခန်းကနေသိရပါတယ်။

“အမှုဖွင့်ခံထားရတဲ့သူက သရုပ်ဆောင် သီဟတင်စိုးပါ။ ညက သူ့ကို အဓမ္မပြုကျင့်မှုနဲ့ အမှုလာဖွင့်ထားပါတယ်။ (ပ) ၃၈၆/၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ လက်ရှိမှာတော့ စုံစမ်းဆဲ၊ စိစစ်ဆဲ မလို့ သူ့ကိုဖမ်းထားတာမျိုး မရှိပါဘူး” လို့ သုဝဏ္ဏနယ်မြေရဲစခန်းက ဧရာဝတီကိုပြောပါတယ် ။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စု ရိပ်မွန်အိမ်ယာ၊ အသောကလမ်းရှိ သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်မှာ တရားလို မခင်မာမြင့်၊ အသက် ၄၀ နှစ်က ဇူလိုင်လ ၅ ရက်မှစတင်ပြီး အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အိမ်မှာ အိမ်အကူက သရုပ်ဆောင် သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ ဇင်မာဦး၏ မိခင်ကို အနီးကပ် နေထိုင်ပြီး လိုအပ်သည်များ ပြုစုရသည့်အလုပ်ကို အဓိကထား လုပ်ကိုင်ရကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့ မှာ သီဟတင်စိုးရဲ့ဇနီးဖြစ်သူနှင့် သားဖြစ်သူ အပြင်ကို ထွက်ခွာသွားတဲ့အချိန် နေအိမ်အတွင်း ည ၈ နာရီလောက်မှာ သူရဲ့ အလုပ်တွေပြီးလို့ တရားလိုက သူ့ကုတင်ပေါ်မှာ ထိုင်နေတဲ့အချိန်မှာ သီဟတင်စိုး ရောက်ရှိလာပြီး အနောက်ကို တွန်းလှဲကာ ၁၅ မိနစ်ကြာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းက ဆိုပါတယ်။

 

သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်

 

ထိုသို့ပြုလုပ်နေစဉ် ၎င်းမှ အော်ဟစ်အကူအညီတောင်းခံသော်လည်း မိုးများရွာနေသဖြင့် မည်သူမျှ မကြားခဲ့ကြောင်း၊ ထို့နောက် သီဟတင်စိုးမှ အခြားသူများအား ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုပြီး အခန်းအပြင်သို့ ပြန်ထွက်သွားခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

ည ၉ နာရီခွဲခန့် ဒေါ်ဇင်မာဦးတို့သားအမိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး အိမ်အကူ အမျိုးသမီးမှ ခြိမ်းခြောက်ခံထားရလို့ ဖြစ်စဉ်အား မပြောပြဘဲ အိပ်ယာဝင်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်၊ နံနက် ၈ နာရီခန့်တွင် နေအိမ်ရှိ လူများ မနိုးခင် ၎င်းတဦးတည်း ထွက်ခဲ့ကာ ကျောက်မြောင်းမှာ တည်းခိုနေထိုင်သော အဒေါ်နှစ်ဝမ်းကွဲ တော်စပ်သူထံသို့ သွားရောက်၍ ဖြစ်စဉ်အား ပြောပြခဲ့ပြီး တိုင်တန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တိုင်ကြားခံရသူ သရုပ်ဆောင် မင်းသား၊ အကယ်ဒမီ သီဟတင်စိုးကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Loading