မြန်မာနိုင်ငံမြောက်ပိုင်း ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ရှိ ကျောက်စိမ်းတွင်းတတွင်း၌ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ လူဆယ်ဂဏန်းထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လူအနည်းဆုံး ၁၅ ဦးသေဆုံးကြောင်း အစိုးရမီဒီယာက တနင်္ဂနွေနေ့က ထုတ်ပြန်သည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု ဆန်ခါးမှော်ရှိ “မဟာကျောက်မျက်ကုမ္ပဏီ”လုပ်ကွက်အတွင်း စနေနေ့နေ့လည် ၂ နာရီခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားရာ အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ၏ အဆိုအရ သေဆုံးသူ ၁၅ ဦးရှိကြောင်းနှင့် လူ ၄၀ ထက်မနည်း ဒဏ်ရာရကြောင်း သိရသည်။
မြေစာပုံ ပြိုကျမှုတွင် ရေမဆေးကျောက်ရှာသူများနှင့် ဈေးရောင်းသူများ စုစုပေါင်း ၁၀၀ ဦးခန့်ပါသွားကြောင်း လုံးခင်း ကျေးရွာ ဆယ်အိမ်မှူး ဦးဆန်းဦးက ဧရာဝတီသို့ ပြောသော်လည်း တွင်းလုပ်သားအများစုမှ အခြားနေရာဒေသများမှ မှတ်ပုံတင်ထားခြင်းမရှိဘဲ လာရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများဖြစ်ကြ၍ ပျောက်ဆုံးနေသူအရေအတွက်မှာ ခန့်မှန်းရခက်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပါမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးခင်မောင်မြင့်ကမူ စနေနေ့က မြေစာပြိုကျမှုတွင် ထိခိုက်ခဲ့သူအများအပြားမှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စခန်းတခုမှ ကချင်တိုင်းရင်းသားလူငယ်များဟု မိမိယုံကြည်ကြောင်း AP သတင်းဌာနသို့ ပြောဆိုသည်။
နောက်ထပ် ထိခိုက်သေဆုံးမှုရှိ/မရှိ ရှာဖွေစစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် မိုးသည်းထန်နေမှုကြောင့် ရှာဖွေသူများအတွက် အခက်အခဲရှိကြောင်းလည်း သိရသည်။
ကျောက်စိမ်းအကြွင်းအကျန်များကို ရှာဖွေနေခြင်းကြောင့် ယင်းကဲ့သို့သော မတော်တဆ သေဆုံးမှုများမှာ ယင်းဒေသအတွက် အထူးအဆန်းမဟုတ်တော့သလို ဖြစ်နေပြီး စည်းမျဉ်းစည်းကမ်းများဖြင့် စနစ်တကျ လုပ်ဆောင်ခြင်းလည်း မရှိပေ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့သေးသည်။ မြေစာပုံ ပြိုကျမှုအပြင် စက်ယန္တယားကြီးများဖြင့် မြေသားကို အလွန်အကျွံ တူးဖော်ပြီးနောက် ဧရာမ မြေနံရံ ပြိုကျမှုများလည်း ရှိနေတတ်သည်။
ရန်ကုန်မြောက်ဘက်မှ ၉၅၀ ကီလိုမီတာ(မိုင် ၆၀၀) အကွာတွင် တည်ရှိသည့် ဖားကန့်မြို့သည် ကမ္ဘာ့အကြီးမားဆုံးနှင့်အကျိုးအမြတ်အများဆုံး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၏ ဗဟိုချက်ဖြစ်သည်။ယင်းလုပ်ငန်းမှ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၃၁ ဘီလီယံ ဝင်ငွေရှိခဲ့ပြီး ယင်းအကျိုးအမြတ်အများစုကို ယခင် စစ်အာဏာရှင်များနှင့် နီးစပ်သော ကုမ္ပဏီများက မြိုးမြိုးမြတ်မြတ် ရရှိကြကြောင်း Global Witness ၏ အဆိုအရ သိရသည်။ Global Witness သည် လန်ဒန်အခြေစိုက်အဖွဲ့ဖြစ်ပြီး သဘာဝသယံဇာတရင်းမြစ်များမှ အခွန်နှင့် အလွဲသုံးစားမှုများကို စုံစမ်းဖော်ထုတ်နေသည်။