ထမ်လုံဂူဖြစ်ရပ်နှင့် ပတ်သက်၍ ချင်းရိုင်းပြည်နယ်မှ နာမည်ကျော် နိုင်ငံတော်အဆင့် ပန်းချီပညာရှင် ချာလန်ချိုင်း ကိုစီပီပက်က ဘတ်ငွေ ၁၀သန်းတန် အထိမ်း အမှတ်တခု ဖွင့်လှစ်ရန် စီစဉ်နေပြီး၊ အသက်စွန့်သွားသည့် ရေငုပ်သမားကို သရုပ်ဖော်မည်ဟု ဆိုသည်။
ဇွန်လ ၂၃ ရက်မှ စတင်၍ လိုဏ်ဂူအတွင်းမှ ကလေး ၁၃ ဦးကယ်ထုတ်ခဲ့ရသည့် ၁၈ ရက်ကြာဖြစ်စဉ် အမှတ်တရအဖြစ် ၂၀ မီတာရှိမည့်အထိမ်းအမှတ်အဆောက်အဦကို အခြားဒေသခံ အနုပညာရှင်များ စွာနှင့်တွဲဖက်ပြီး ဒီဇိုင်းရေးဆွဲထားသည်။
ယင်းစီမံကိန်းကို တာဝန်ရှိသူများကလည်း လက်ခံထားကြောင်း၊ ယင်းအထိမ်းအမှတ်နေရာကို ထမ့်လုံလိုဏ်ဂူဒေသတွင် ထားရှိမည်ဖြစ်ကြောင်း ချာလန်ချိုင်းက ပြောသည်။
“အချိန်ကြာလာတာနဲ့အမျှ လူတွေက ဒီအချိန်၊ ဒီဖြတ်သန်းမှုတွေကို မေ့သွားမှာ ကျနော် စိုးရိမ်တယ်။ ဒါကြောင့် အထိမ်း အမှတ်တည်ဆောက်ရေးကို အမြန်ဆုံးပြီးချင်ပါတယ်” ဟု သူက ပြောသည်။
ခရီးသွားများစိတ်ဝင်စားသည့် ချင်းရိုင်ရှိ ဝပ်ရွန်ခန်နေရာကို ပိုင်ဆိုင်သူ ချာလန်ချိုင်းသည် ထမ်လုံ အထိမ်း အမှတ်စီမံကိန်း အတွက် ဘတ်ငွေ ၁၀ သန်းအကုန်အကျခံမည်ဖြစ်ပြီး၊ ယင်းစီမံကိန်းတွင် တောဝက်ဘောလုံးအသင်း ၁၃ ဦးတို့အပြင် နိုင်ငံ တကာ ရေငုပ်သမားများနှင့် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား၏ ရုပ်ပုံလွှာမျာကို ၁၃ မီတာနံရံဆေးရေး ပန်းချီများအဖြစ် ထည့်သွင်း ထားမည်ဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်စဉ်က အရေးကြီးသည့်မှတ်တမ်းတင်ဓာတ်ပုံများကိုလည်း ပြသထားရန် ရည်ရွယ်ထား သည်။
ဇူလိုင်လ ၆ ရက်က ကယ်ဆယ်ရေးအတွက် အောက်စီဂျင်ဘူးများ သယ်ဆောင်ရင်း သေဆုံးခဲ့ရသူ အသက် ၃၈ နှစ် အရွယ်ရှိ ရေတပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး စမန်ကူနန်၏ ရုပ်တုကို ၂ဒသမ၄၀ မီတာအမြင့်ထုလုပ်ပြီး လိုဏ်ဂူနှင့် မျက်နှာချင်းဆိုင်ရှိ အထိမ်းအမှတ်နေရာရှေ့တွင် ထားရှိမည် ဖြစ်သည်။
၎င်းရုပ်တုကို အယုဒ္ဒယပြည်နယ်ရှိ သတ္တုသွန်းလောင်းသည့်အလုပ်ရုံတခုက အခမဲ့သွန်းလောင်း ပေးမည်ဖြစ်ပြီး ရှေ့နှစ်ဖေဖော်ဝါရီလတွင် အပြီးသတ်မည်ဖြစ်ကြောင်း ချာလန်ချိုင်းက ပြောသည်။
ပန်းချီပညာရှင်များ စုဝေး၍ ယနေ့တွင် အဓိကဆေးရေးခြယ်မှု စတင်ကြပြီး မနက်ဖြန်ပြီးစီးမည်ဟု မျှော်လင့်ရသည်။ ချာလန်ချိုင်းနှင့် အမျိုးသားဥယျာဉ်ဌာနမှ ညွှန်ကြားရေးမှူးချုပ်တဦးတို့ လာမည့် စနေနေ့ နံနက်တွင် အဆိုပါအထိမ်း အမှတ်တည်ဆောက်ရေးလုပ်ကိုင်နေမှုများကို လာရောက်ကြည့် ရှုကြမည်ဖြစ်သည်။
အထိမ်းအမှတ်တည်ဆောက်မှုမှာ နိုဝင်ဘာလတွင် အပြီးသတ်မည်ဟု မျှော်မှန်းထားကြောင်း ချာလန်ချိုင်းက ဖြည့်စွက်ပြောသည်။