တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှ အချက် ၁၄ ချက်ပါ ပြည်ထောင်စု သဘောတူညီမှု စာချုပ် အစိတ်အပိုင်း (၂) ကို ယနေ့ အတည်ပြု လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်သည်။
ထိုအချက် ၁၄ ချက်မှာ နိုင်ငံရေး ကဏ္ဍတွင် အချက် ၄ ချက်၊ စီးပွားရေး ကဏ္ဍတွင် ၁ ချက်၊ လူမှုရေး ကဏ္ဍတွင် ၇ ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွင် ၂ ချက်တို့ ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၂) ကို အစိုးရ အစုအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော် အစုအဖွဲ့မှ ဦးအောင်စိုး၊ တပ်မတော် အစုအဖွဲ့မှ ဗိုလ်ချုပ် စန်းမြင့်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးသုဝေတို့က လက်မှတ်ရေးထိုးခဲ့ပြီး အစုအဖွဲ့ အသီးသီး မှ အခြား ကိုယ်စားလှယ်များကလည်း အသိသက်သေ အဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “၆ ရက်တာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ကတော့ ဒီကနေ့ ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို လက်မှတ် ရေး ထိုးနိုင်ခြင်းနဲ့ အောင်မြင်စွာ မှတ်တိုင်စိုက်ထူ နိုင်ခဲ့ပါပြီ”ဟု ပြောကြားသည်။
လက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံရေး ကဏ္ဍမှ အချက် ၄ ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည် ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမှ ကျား/မဆိုင်ရာ လိင်ကွဲပြား မှုကို အခြေခံကာ ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေး မူဝါဒ ချမှတ်ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊ ပြည်ထောင်စုကို တည်ဆောက်ရာ၌ ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရန်နှင့် အမျိုးသမီးများ၏ စွမ်း ဆောင်ရည်ကို မြှင့်တင်ပေးရန်တို့ ဖြစ်သည်။
နိုင်ငံရေး ကဏ္ဍမှ ပထမ အချက်တွင် အနာဂတ် ပြည်ထောင်စုအမည် နေရာတွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” ဟု ထည့်ရေးထားခြင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး အတွင်း ဆွေး နွေးရာ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများကြား သဘောထား ကွဲလွဲမှုများ၊ အငြင်းပွားမှု များ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် တိုင်းရင်းသားများဘက်မှ အလျှော့ပေးခဲ့ရသည်ဟု အစည်းအဝေးတွင် ပါဝင်သူများက ပြောသည်။
မွန်ပြည်သစ် ပါတီ (NMSP) ဒုဥက္ကဌ ဦးနိုင်ဟံသာက “မြန်မာနဲ့ ဗမာဆိုတာ အတူတူပဲလို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတယ်။ မြန်မာလို့ ခေါ်လိုက်တာနဲ့ ကျန်တဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတာ မဖြစ်နိုင်ဘူး။ ဒီအပေါ်မှာ တိုင်း ရင်းသားတွေ ဘက်ကလည်း မြင်တယ်။ မြန်မာလို့ ခေါ်လိုက်တာနဲ့ အားလုံးကို ကိုယ်စားပြုတယ် ဆိုပြီးတော့ ပြောလိုက်တဲ့ ပုံစံက လှည့်စားမှုတမျိုးပဲ”ဟု ပြောဆိုသည်။
ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၂) တွင် မကျေလည်ဘဲ သဘောတူလိုက်ရသော်လည်း အနာဂတ် ဆွေး နွေးပွဲများတွင် နိုင်ငံ၏ အမည်ကို ထပ်မံ ဆွေးနွေးရဦးမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုခြင်း သို့မ ဟုတ် ပထဝီမြေ အနေအထားကို အခြေခံသည့် မည်သည့် လူမျိုး တမျိုးတည်းကိုမှ အခြေမပြုသည့် အမည်ကို သတ်မှတ် နိုင်ရေး ဆက်ဆွေးနွေးကြရန် လိုသည်ဟုလည်း ဦးနိုင်ဟံသာက ဆိုသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှ ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းကလည်း တိုင်းရင်းသား ခေါင်းဆောင်များ ဘက် မှ အနာဂတ် ပြည်ထောင်စု၏ အမည်ကို လက်ရှိအချိန်တွင် ကွက်လပ်ထားရန် ပြောဆိုခဲ့ကာ တပ်မတော်ဘက်မှ တင်သွင်း သည့် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ” ဟူသည့် အမည်ကို ငြင်းခဲ့ကြောင်း ပြောသည်။
ဒေါ်စောမြရာဇာလင်း က “တိုင်းရင်းသားတွေ ဘက်က ပထမ Union Accord (ပြည်ထောင်စု သဘောတူစာချုပ်) မှာ လည်း ဒီနာမည်ကို သုံးထားတယ်။ NCA မှာလည်း သုံးထားတယ်ဆိုပြီး သဘောတူပေးလိုက်ပါတယ်။ ခွင့်ပြုလိုက်တာ ကတော့ ညီညွတ်ရေးကို ရှေးရှုတဲ့ ပုံစံပါ။ အကျေအလည်လို့တော့ ဘယ်ပြောလို့ရမလဲ။ မကျေလည်တဲ့ အနေအထားတွေ အများကြီး ရှိခဲ့တယ်” ဟုလည်း ပြောဆိုသည်။
စီးပွားရေး ကဏ္ဍတွင် သဘောတူသည့် အချက် ၁ ချက်မှာ အများပြည်သူ အကျိုးစီးပွားကို ဦးစားပေး အကောင်အထည် ဖော် လုပ်ဆောင်ရန် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့် စီမံကိန်းများ ရေးဆွဲချမှတ် ဖော်ဆောင်ခွင့် ရှိရန်နှင့် ရေးဆွဲရာ တွင် ပြည်ထောင်စု စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့် စီမံကိန်းများကို သဟဇာတ ဖြစ်စေရေးနှင့် ဆက်စပ်သည့် အခြား တိုင်းနှင့် ပြည်နယ်များ အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေးကိုလည်း ထည့်သွင်းစဉ်းစားရန် ဟူသည့် အချက်ဖြစ်သည်။
လူမှုရေး ကဏ္ဍတွင် သဘောတူလိုက်သည့် အခြေခံမူ ၇ ချက်မှာ ပြန်လည် နေရာချထားရေး၊ လူမှုဖွံ့ဖြိုးရေး ဆိုင်ရာများ ဆောင်ရွက်သည့် အဆင့်တိုင်း အမျိုးသမီး အနည်းဆုံး ၃၀ ရာနှုန်း ပါဝင်ရန်၊ လူတိုင်း လက်လှမ်းမီသည့် ပညာရေး စနစ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖော်ဆောင်ရန်၊ မသန်စွမ်း၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများ ဆိုင်ရာ အခွင့်အရေး ဥပဒေများ ပြဋ္ဌာန်းရန်တို့ ပါဝင်သည်။
ထို့ပြင် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ သဘောတရားများကို ထည့်သွင်းရန်၊ မူးယစ်ဆေး ဝါး အန္တရာယ် လျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေးကို ထိရောက်သည့် မူဝါဒများ ချမှတ် ဆောင်ရွက်ရန်၊ ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူငယ်များ အတွက် ကြီးလေး သည့် ချိုးဖောက်မှု ၆ချက် ပပျောက်ရေးကို ဦးတည်သည့် စီမံချက်များ ချမှတ်ရန် ဟူသည့် အချက်တို့လည်း လူမှုရေးကဏ္ဍ တွင် သဘောတူသည့် အခြေခံမူ ၇ ချက်တွင် ပါဝင်သည်။
မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွင် သဘောတူခဲ့သည့် အချက် ၂ ချက်မှာ နိုင်ငံတွင်းရှိ မြေယာများကို နိုင်ငံသား များသာ ပိုင်ဆိုင်ခွင့် ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင် နေထိုင်သူများအား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပိုင် ဆိုင် ခွင့်မရှိစေရ နှင့် မြေယာကို အသုံးပြု၍ စီမံကိန်း လုပ်ငန်း အမျိုးမျိုး ဖော်ဆောင်ရာ၌ သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုတို့ကို ဆန်းစစ်ပြီး ဒေသခံများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်တို့ ဖြစ်သည်။
တတိယ အကြိမ်၂၁ ရာစု ပင်လုံ အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်က စတင် ကျင်းပခဲ့ပြီး ဇူလိုင်လ ၁၂ ရက်မှ ၁၄ ရက် အထိ ညီလာခံ တက်ရောက်သူ ကိုယ်စားလှယ်များက အစုအဖွဲ့ အလိုက်၊ ကဏ္ဍ အလိုက် ဆွေးနွေးမှုများ ပြုလုပ်ကာ ကဏ္ဍ အလိုက် အခြေခံမူ အဆိုပြုချက်များ ထွက်ရှိခဲ့သည်။
အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တင်သွင်းလာသည့် စာတမ်းများ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ အသီးသီးတို့မှ UPDJC လုပ်ငန်းကော်မတီမှ တဆင့် အတွင်းရေးမှူး အဖွဲ့သို့ ပို့လာသည့် စာတမ်းများကို စိစစ်ပြီး ညီလာခံတွင် ဆွေးနွေးခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၅ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး ကျင်းပကာ ကဏ္ဍ ၄ခုမှ အခြေခံမူ အဆိုပြုချက်ပေါင်း ၁၄ ချက်ကို သဘော တူညီခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၆ ရက်တွင် သဘောတူထားသည့် အခြေခံမူ အဆိုပြုချက် ၁၄ ချက်ကို လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု သဘော တူညီမှု စာချုပ် အစိတ်အပိုင်း (၂) အဖြစ် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စု သဘောတူညီမှု စာချုပ် အစိတ်အပိုင်း (၁) ကို ၂၀၁၇ ခုနှစ် မေလ က ကျင်းပသည့် ဒုတိယ အကြိမ် ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် သဘောတူ ထားသည်။
အဆိုပါ ဒုတိယအကြိမ်တွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၃၇ ချက် သဘောတူခဲ့ပြီး ယခု တတိယအကြိမ် ညီလာခံတွင် ၁၄ ချက်ကို သဘောတူလိုက်ပြီ ဖြစ်သဖြင့် ပြည်ထောင်စု သဘောတူ စာချုပ်တွင် အချက်ပေါင်း ၅၁ ချက်ကို သဘောတူထားပြီး ဖြစ်သည်။
စတုတ္ထ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ အစည်းအဝေးကို ယခု တတိယ အစည်းအဝေး အပြီး နောက် ၆ လအကြာတွင် ထပ်မံကျင်းပရမည် ဖြစ်သည်။
ယခု ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများမှ အမျိုးသားဦးရေ ၅၈၀၊ အမျိုးသမီး ဦးရေ ၁၂၀ စုစုပေါင်း ၇၀၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။