နိုင်ငံ၏ တိုးတက်မှု လမ်းကြောင်း၌ အဟန့်အတား ဖြစ်စေမည့် လက်နက်ကိုင် ပဋိပက္ခများအား အချိန်မဆိုင်းဘဲ ဖယ်ရှားရန် ၂၁ ရာစု ပင်လုံ အစည်းအဝေး သဘာပတိ အဖွဲ့ဝင် တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်ချုပ် ကြီး တင်မောင်ဝင်းက ပြောသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်း အဝေး ပိတ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
တပ်မတော် အနေနှင့် ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်၏ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု သမိုင်း များတွင် ထဲထဲဝင်ဝင် ပူးပေါင်း ပါဝင်ပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေး အတွက်သာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါ မိန့်ခွန်း၌ ၎င်းက ပြောဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက “တိုင်းပြည်ရဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုး တကယ်ချစ်ရင် နိုင်ငံရဲ့တိုးတက်မှု လမ်းကြောင်းမှာ အဟန့်အတား ဖြစ်စေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို အချိန်မဆိုင်းဘဲ ဖယ်ရှားပစ်ဖို့ စိတ်ရင်း စေတနာမှန်နဲ့ ဆက်လက် ဆောင်ရွက် သွားကြဖို့ တိုက် တွန်းလိုပါတယ်” ဟု ပြော သည်။
ထို့ပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များကိုလည်း အမြန်ဆုံး ပါဝင် လက်မှတ်ရေး ထိုးနိုင်ရေး တိုက်တွန်းလိုပါ သည် ဟု ၎င်းက ဆို သည်။
ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက “ဆက်လက် ကျင်းပ ပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများမှာ လည်း ဒီမို ကရေစီနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် NCA မထိုးရသေးသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရက္ခိုင့် တပ်မတော်(AA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) တို့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း၌လည်း NCA ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တိုက်ပွဲရှောင် ဒုက္ခသည်များ ပေါ်ပေါက် လာရကြောင်း သိရသည်။
ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များက ပြည်တွင်းစစ် ရပ်တန့်ရန် အတွက် တပ်မတော်ဘက်မှ ထိုးစစ် ဆင်မှုများ လျှော့ချရန် အပါအဝင် တပ်အင်အား တိုးချဲ့မှုများကို ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း တောင်းဆို လျက် ရှိသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဦးလှစောက “ ငြိမ်းချမ်းရေး ရမယ်ဆိုတာကတော့ ကျနော် ထင်တာက တော့ ဒီအဖွဲ့ထဲမှာ အားလုံး NCA လက်မှတ်ထိုးဖို့ မျှော်လင့်မယ်။ ထိုးလာကြမယ်။ အဲဒီ ထိုးလာ ကြ မယ် ပင်လုံ ညီလာခံ လုပ်မယ်။ JMC လုပ်မယ်။ သေနတ်သံတွေ ဘာတွေ မကြားရဘူးဆို ဒါ ငြိမ်းချမ်းရေး ရပြီ နော်” ဟု ပြောသည်။
လက်ရှိ၌ NCA ကို ကရင် အမျိုးသား အစည်း အရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒီမို ကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) တို့ လက်မှတ် ထိုးထားသည်။
သို့သော် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ပလောင် (တအန်း) အမျိုး သား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့် တပ်မတော်(AA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ NCA မထိုးနိုင်သေးကြောင်း သိရသည်။
ထိုအဖွဲ့များတွင် UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တို့သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်း ရေး ကော်မတီ(FPNCC) အဖွဲ့ဝင်များ ဖြစ်ပြီး NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့စလုံး သာ ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။
အစိုးရနှင့် တပ်မတော်ဘက်က FPNCC ကို အသိအမှတ် မပြုကြောင်း၊ NCA လမ်းကြောင်းအတိုင်းသာ တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း သဘောထား ချမှတ်ထားသည်။
တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် လ ၁၁ ရက်မှ စတင်ကာ ၁၆ ရက်အထိ ကျင်းပကာ ယင်းညီလာခံမှာ အချက် ၁၄ ချက်ပါ ပြည်ထောင်စု သဘော တူညီမှု စာချုပ် အစိတ်အပိုင်း ၂ ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။