သဘောထားကွဲလွဲမှုများရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အခက်အခဲအမျိုးမျိုး၊ သဘောထားကွဲပြားမှုတွေ အမျိုးမျိုးရှိနေတဲ့ကြားမှာ အခုလို ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာကိုက ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့ကို ဆက်လက်ပြီး ရွေ့နေတယ်ဆိုတဲ့ သင်္ကေတတခုပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နေပြည်တော် MICC-2 ခန်းမတွင် ဇူလိုင်လ ၁၆ရက်က ပြုလုပ်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ လက်မှတ်ရေးထိုးသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အစိတ်အပိုင်း ၂ သဘောတူညီချက်တွေဟာ ကျမတို့ ညီလာခံကြီး ရပ်တန့်မနေဘူး။ နောက်ပြန်လှည့်မသွားဘူး။ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေတယ်ဆိုတာကို အထင်အရှားဖော်ပြနေတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ညီလာခံအစည်းအဝေး၏ ရလဒ်ကောင်းအဖြစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံတက်ရောက်ကာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည့်အပြင် အစိုးရ၊ တပ်မတော်တို့နှင့် သီးခြားတွေ့ဆုံမှုများပြုလုပ်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးတွင် ပါဝင်လာမည့် အလားအလာကောင်းများ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင် လုံခြုံရေးကဏ္ဍကို မဆွေးနွေးနိုင်သော်လည်း အခြေခံမူအဖြစ် နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်နှင့် မြေယာနှင့် သယံဇာတကဏ္ဍ ၂ ချက် စုစုပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းနိုင်ခဲ့ခြင်းသည် ပြည့်စုံသည့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် နောက်ထပ်ခြေလှမ်းသစ်ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
ပြည့်စုံသော ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်စေရန်အတွက် လုံခြုံရေးကဏ္ဍမှဆိုင်ရာ သဘောတူညီချက်များရရှိရန် လိုကြောင်း၊ ယင်းကဏ္ဍကို ညှိနှိုင်းရာတွင် အဖက်ဖက်က သတိကြီးစွာ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
“ဒီအခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ဆိုရင် ကျမတို့ရဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် ဒီဇိုင်းပုံစံများကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့်် လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် ကျမတို့ ဆက်လက်ပြီး ကြိုးပမ်းရဦးမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးတွင် အခြေခံမူသဘောတူညီချက် ရရှိမှုနည်းပါပြီး နိုင်ငံရေးကဏ္ဍတွင် ကျားမတန်းတူရေးသာ ဆွေးနွေးနိုင်သည့်အပေါ် အားရကျေနပ်ခြင်းမရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
တနှစ်ခန့်ကြာမှ ကျင်းပနိုင်သည့် ညီလာခံတွင် လုပ်ငန်းကော်မတီမှ ရရှိသည့် ၃၇ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူူးတွဲကော်မတီ UPDJC အစည်းအဝေး စုစည်းပေးပို့သည့် အချက် ၁၄ ချက်ကိုသာ ပြန်လည်သံုံးသပ်နိုင်သည်မှာ ဝမ်းနည်းစရာဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။
“ ဒီ ၁၄ ချက်ကိုပဲ အခြေခံပြီးတော့ လုပ်မယ်ဆိုရင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားရကျေနပ်ဖွယ် မကောင်းသေးဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။
ပြည်စုံသော ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်စေရန်အတွက် နည်းလမ်းအသစ်များ ရှာဖွေသင့်ကြောင်းလည်း ညီလာခံတက်ရောက်လာသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုံးလှက ဆိုသည်။
“ငြိမ်းချမ်းရေးလိုချင်ရင် အချက်တွေ ပြည့်ပြည့်စုံစုံ လုပ်ဖို့လိုတယ်။ အတောင်အလက်စုံတဲ့ ဆွေးနွေးပွဲဖြစ်စေချင်တယ်။ ဖြုတ်ချခံရတာ အဓိပ္ပါယ်လည်းမရှိဘူး။ မူအနေနဲ့ ချမှတ်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူး” ဟု ဒေါ်နော်အုံးလှက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်အစည်းအဝေး၏ ညီလာခံ သဘောထားထုတ်ပြန်အချက်အဖြစ် ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ်ညီလာခံ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ ၂ကြိမ်၊ စုစုပေါင်း ၃ကြိမ်ကျင်းပကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်သွားရန် ချမှတ်ထုတ်ပြန်ခဲ့သည်။