ရခိုင်အရေးလျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် Reuters သတင်းထောက် ကိုဝလုံးအား ယနေ့ရုံးချိန်းတွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် သတင်းများအား မှန်ကန်တိကျရေး၊ ဘက်လိုက်မှုမရှိရေး မူနှင့်အညီ သတင်းများအား ဖော်ထုတ်ရေးသားခဲ့ခြင်းသာဖြစ်ပြီး သတင်းမီဒီယာ၏ အလုပ်ကို တိကျစွာလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ကိုဝလုံးက ပြောသည်။
ကိုဝလုံးက “ ကျနော်တို့ကို စာရွက်တွေပေးခဲ့တာ ဒုတပ်ကြပ်နိုင်လင်းက ပေးတာပါ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဆက်သွယ်တာ တရားမဝင်ဆက်သွယ်တာ မဟုတ်ပါဘူး၊ ကျနော်တို့ သတင်းတွေကို အတည်ပြုဖို့အတွက် ကြိုးစားဆက်သွယ်ရတာဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ဝင်များအား ဆက်သွယ်ခဲ့မှုကို ရှင်းပြသည်။
တရားခွင်အတွင်း Reuters သတင်းဌာန၏ သတင်းအချက်အလက်မှန်ကန်ရေး၊ ဘက်လိုက်မှုမရှိရေး စသည့် စံနှုန်းကျင့်ဝတ်များနှင့် ကိုဝလုံးရေးသားခဲ့သည့် သတင်းများအား သက်သေခံအဖြစ်တင်ပြခဲ့သော်လည်း သတင်းဌာန၏ စံနှုန်းကျင့်ဝတ်ကိုသာ သက်သေခံအဖြစ် လက်ခံခဲ့သည်။
ကိုဝလုံး၏ ရှေ့နေ ဦးသန်းဇော်အောင်က “ သူက အင်းဒင်မှာဖြစ်တဲ့ သတင်းတခုတည်းရေးတာမဟုတ်ဘူး၊ ဘင်္ဂါလီတွေက သတ်တုန်းကလည်း သတင်းတွေရေးသားခဲ့တယ်ဆိုတာ သတင်းမိတ္တူတွေ တင်ပြတာပေါ့၊ ဒါတွေကို သက်သေခံတင်တဲ့အခါ မူရင်းမဟုတ်လို့ဆိုပြီး တဖက်ကကန့်ကွက်တာပါ” ဟုရှင်းပြသည်။
အမှုနှင့်ပတ်သက်ပြီး နက်ဖြန်ဇူလိုင် ၁၇ ရက်နေ့တွင် ကိုဝလုံးအား ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တခုတွင် အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တချို့နှင့်တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်တွင် ဖမ်းဆီးခံရကာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
Reuters သတင်းထောက်များ ဖော်ထုတ်ရေးသားခဲ့သည့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး လူသတ်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကြောင်း တပ်မတော်က ဝန်ခံခဲ့ပြီး ပတ်သက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ/စစ်သည် ၇ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။