ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်း၏ ဇနီး ဒေါ်စောသိင်္ဂီထွန်းက ပုဂ္ဂိုလ် ရေးဆိုင်ရာ နှောင့် ယှက်မှုများ ပြုလုပ်သည်ဟု ဆိုကာ လူငယ်တဦးအား အမှုဖွင့် တိုင်ကြားလိုက် ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီ အချိန်က ဒေါ်စောသိင်္ဂီထွန်းသည့် သူပိုင်ဆိုင်သည့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက် ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံ၌ ရှိနေစဉ် မြို့သူကြီး ရပ်ကွက်နေ အသက် ၃၀ အရွယ် သန်းကျော်ဌေး ဆိုသူက စက်ရုံဝင်းထဲသို့ ဝင်ရောက်၍ သူမ၏ ကလေးများမှာ ၎င်းနှင့် ရသော ကလေးများ ဖြစ်ကြောင်း ပြောဆိုသည့်အတွက် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေ မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ဖြစ်သူ ရဲအုပ် ဇော်မင်းက ဧရာဝတီသို့ ပြောသည်။
“စက်ရုံဝင်းထဲကို လူတဦး လာရောက်ပြီးတော့ ဒေါ်စောသိင်္ဂီထွန်းရဲ့ မိသားစု အရေးကိစ္စနဲ့ ပတ်သက် ပြီးတော့ မချေမငံ ဝင်ရောက် နှောင့်ယှက်ပြီး ပြောဆိုတယ်။ ကလေးတွေဟာ သူနဲ့ရတဲ့ ကလေးဖြစ် တယ် ဆိုပြီးတော့ ပြောတယ်။ အဲဒီလို ပြောဆိုတယ်ဆိုပြီး အကြောင်းကြား တိုင်ကြားလာတဲ့ အတွက် ဥပဒေနဲ့အညီ ကျနော်တို့ အဲဒီလူကို ဖမ်းဆီးပြီးတော့ အမှုဖွင့် စစ်ဆေးနေပါတယ်” ဟု ၎င်းဧရာဝတီသို့ ပြောသည်။
ထို့ပြင် သန်းကျော်ဌေးက ယင်းကိစ္စအား မယုံပါက DNA စစ်ဆေးမှုများ ပြုလုပ်နိုင်ကြောင်း အစရှိ သည့် မိသားစုအရေး ဝင်ရောက် နှောင့်ယှက်ပြီး မချေမငံ ပြောဆိုခဲ့သည်ဟု အမှတ် ၂ ရဲစခန်းက ပြောသည်။
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ဒေါ်စောသိင်္ဂီထွန်းသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်း နှင့် လက်ထပ်ခဲ့သူ ဖြစ်ပြီး ယခင် အိမ်ထောင်နှင့် သားသမီးများလည်း ရှိကြောင်း သိရသည်။
လက်ရှိ၌ သန်းကျော်ဌေးအား စစ်တွေမြို့ အမှတ် ၂ ရဲစခန်းတွင် ပ / ၆၆ /၂၀၁၈၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး အမှုဖြစ်စဉ်နှင့် ဆက် စပ်နေသည့် အခြား အကြောင်းအရာ ကိစ္စရပ်များကိုလည်း ဆက်လက် စစ်ဆေးလျက် ရှိ ကြောင်းလည်း သိရသည်။
အလားတူ ဇွန်လ ၂၁ ရက်နေ့ကလည်း စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဖြစ်သူ ဦးအောင်သန်းဝေကို ရခိုင် ပြည်နယ် အစိုးရ အဖွဲ့အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ ) တို့ဖြင့် အမှုဖြင့် တိုင်ကြားခဲ့သေးသည်။
ဆက်စပ်ဖတ်ရှု့ရန် –Facebook ၌ ဝေဖန်ရေးသားမှုကြောင့် စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ဖမ်းခံရ