မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငန်းတေးရပ်ကွက်အတွင်း လုံခြုံရေး တာဝန်ကျသော ရဲတပ်ကြပ် တဦးသည် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်၍ သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ငန်းတေးရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဝင်း(မီးစက်ဝင်း)၌ တာဝန်ကျနေသည့် ရဲတပ်ကြပ် ကျော်သူဝင်းမှာ ဇူလိုင် ၁၆ ရက် နံနက်က မိမိကိုယ်မိမိ သေနတ်နှင့်ပစ်၍ သေကြောင်းကြံစည်ခဲ့သဖြင့် စိုးရိမ်ရ အခြေအနေဖြင့် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီး၌ တင်ပို့ထားရကြောင်း မြိုင်သာယာ နယ်မြေ ရဲစခန်းက သိရသည်။
ယင်း ဖြစ်စဉ်မှာ ရဲတပ်ကြပ် ကျော်သူဝင်းသည် နံနက် ၄ နာရီမှ ၆ နာရီ အထိ ရဲကင်း တာဝန် ထမ်းဆောင်ပြီးနောက် ရဲတပ်သား လင်းကျော်အောင်နှင့် တာဝန် လွှဲပြောင်းပြီးချိန်၌ ဖြစ်ပွားခြင်း ဖြစ်သည်။
ရဲတပ်ကြပ် ကျော်သူဝင်းမှာ အမှတ် ၂၂ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဖြစ်ကာ ရဲတပ်သား လင်းကျော်အောင်၏ သေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်၍ သေကြောင်း ကြံစည်ခြင်း ဖြစ်သည်ဟု မြိုင်သာယာ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်ထွန်းဦး က ဆိုသည်။
စခန်းမှူး ရဲအုပ် တင်ထွန်းဦးက “ရဲတပ်သား လင်းကျော်အောင်က အပေါ့သွားချင်တယ် ဆိုပြီး သူကင်းစောင့်တဲ့ BA-63 သေနတ်ကို ခဏ ကြည့်ပေးထားပါလို့ ရဲတပ်ကြပ် ကျော်သူဝင်းကို အပ်ခဲ့လိုက်တယ်။ အဲဒီမှာတင်ပဲ နောက်ပိုင်းမှာ ရဲတပ်ကြပ် ကျော်သူဝင်းက အဲဒီ သေနတ်နဲ့ သူ့ကိုယ်သူ ပြန်ပြီးတော့ ပစ်လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် ကျော်သူဝင်းမှာ ၎င်း၏ ဝမ်းဗိုက် ချက်အောက်မှ ကျည်ဆံ ဝင်သွားကာ ဝဲဘက် တင်ပါး မှ ပွင့်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ညာဘက် ခြေမျက်စိနားတွင်လည်း ထိခိုက် ဒဏ်ရာများ ရှိနေကြောင်းလည်း ရဲအုပ် တင်ထွန်းဦး က ပြောသည်။
“ကျနော် ကိုယ်တိုင်လည်း သွားပြီးပြီ။ ကျနော့် အထက် လူကြီးတွေလည်း သွားပြီးပြီ။ သေချာလေးလည်း မေးမြန်းခဲ့ပြီးပြီ။ သူ့ကိုယ်သူ ပစ်သွားတဲ့ ဖြစ်စဉ် ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ၌ စစ်ဆေးနေဆဲ ဖြစ်၍ မည်သည့် အကြောင်းကြောင့် ကိုယ့်ကိုယ် ကိုယ် ပစ်ခတ်ခဲ့သည်ကို မသိရှိရသေးကြောင်း စခန်းမှူးက ဆက်လက် ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း ဧရာဝတီတိုင်း ဒေသကြီး သုံးခွ နယ်မြေ ရဲစခန်း၏ နယ်ထိန်း ခေါင်းဆောင် ဘုရားချောင်း ရဲကင်းမှူး ဒုရဲအုပ် ကောင်းမြတ်သူ (အသက် ၃၂ နှစ်)မှာ တာဝန်ထမ်းဆောင်ရန် ပေးအပ်ထားသည့် ခြောက်လုံးပြူး သေနတ်ဖြင့် ကိုယ့်ကိုယ် ကိုယ် ပစ်ခတ်၍ အဆုံးစီရင် သွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ခင်အောင်လတ် က ဧရာဝတီသို့ ပြောကြားထားသည်။
ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ကလည်း မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေး နယ်မြေရဲစခန်း၌ ယာယီ စခန်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် လှိုင်ဝင်းဆိုသူသည် ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ဖြင့် ကိုယ့်ကိုယ် ကိုယ် ပစ်ခတ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။