ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၏ တပ်စခန်းများကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပူးပေါင်းတပ်များက လာရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ခြင်းဟု RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စု နားပုံရွာဟောင်းတွင် နှစ်ဘက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒေသခံ ၆၀၀ နီးပါး ဘေးလွတ်ရာ မန်စံ၊ မိုးတေ စသည့် ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေရကြောင်း သိရသည်။
RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်း က “SSPP နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေ ကျနော်တို့ ရှိတဲ့ နေရာကို လာပြီးတိုက်တာ။ သူတို့ဘက်က သေဆုံးဒဏ်ရာ စာရင်းမြေပြင်စာရင်းတွေ တက်မလာ သေးလို့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ ကျနော်တို့ဘက်ကတော့ တယောက် M79 ထိပြီး ဒဏ်ရာ ရရှိထားပါတယ်” ဟု ပြောသည်။
TNLA နှင့် SSPP ပူးပေါင်းတပ်များသည် မိုင်းမူကျေးရွာအနီးတွင် ဇူလိုင်လ ၁၆ ရက်နေ့ ကတည်းက စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်ခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ၁၀ နာရီ နောက်ပိုင်း၌ ပူးပေါင်းတပ်များ ပြန်ဆုတ်ခွာသွားသဖြင့် RCSS တပ်ဖွဲ့များက ထိုနေရာများကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိ သည် ဟုဆိုသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ TNLA နှင့် SSPP ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ်များကို ဧရာဝတီ က ဆက်သွယ်ခဲ့သော် လည်း မရရှိခဲ့ပါ။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလကစတင်ကာ RCSSနှင့် TNLA အကြား နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှာ ယခုအခါ တိုက်ပွဲများတွင် ရှမ်းလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တပ်များပါ ပါဝင်လာခြင်းဖြစ်သည်။
“ဘာကြောင့်ဖြစ်တယ်လို့တော့ ကျနော်တို့ အနေနဲ့ မပြောတတ်ဘူး။ အဲဒီနေရာတွေမှာ ကျနော်တို့တပ် တွေ နေရာချ ထားတာကြာပြီ။ ဒီတပ်ဖွဲ့တွေကလည်း အဲဒီနေရာမှာ ကျနော်တို့ရှိတယ်ဆိုတာ သိထား ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုစုပေါင်းပြီးဝင်တိုက်လဲ ဆိုတာကိုတော့ ကျနော်တို့ CEC အစည်းအဝေးလုပ်ပြီးသုံးသပ်ရမယ့် အခြေအနေ ရှိပါတယ်”ဟု RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။
RCSS၏ မီဒီယာဖြစ်သည့် Tai Freedom က ပလောင် (တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ မြန်မာ့အမျိုးသားဒီမိုကရက် တစ် မဟာမိတ်တပ်(MNDAA) ၊‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) တို့ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့က နမ္မတူနယ်မြေတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Tai Freedom က ထုတ်ပြန်ချက်တွင် ၎င်း၏တပ်များသည် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် ရင် ဆိုင်ခြင်းမဖြစ်စေရန် လေးကြိမ်တိတိရှောင်ခဲ့ကြောင်း၊ သို့သော် TNLA နှင့် SSPP ပူးပေါင်း တပ်များ က RCSS နယ်မြေထဲသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ဒေသခံ၁ ထောင်ခန့်မှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့အကြား စစ်ရေးလှုပ်ရှားမှုများ ပြင်ဆင်နေကတည်းက နမ္မတူနှင့် သီပေါမြို့နယ်များရှိ စစ်ဘေးလွတ်ရာ ကျေးရွာများနှင့် ဘုန်းကြီး ကျောင်းများတွင် သွားရောက်၍ ခိုလှုံနေလျှက် ရှိကြောင်းသိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော်မှာ ၎င်းတို့မူလနေထိုင်ရာကျေးရွာများမှ ထွက်ပြေးခဲ့ရကြောင်း နမ္မတူမြို့နယ်မှ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ နန်းဆမ်ဟွမ်းက ဧရာဝတီသို့ပြောသည်။
RCSS/SSA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပလောင်ပြည်နယ်လွတ် မြောက် ရေးတပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့သည် NCA မရေးထိုးရသေးပေ။