အင်အားကြီးမားလျက်ရှိသည့် လက်နက်ကိုင်အင်အားစုကြီးတခု ဖြစ်သော UWSA ‘ဝ’ အဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်လာမည့် အခြေအနေ များကို စိုးရိမ်နေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ပြောသည်။
“သူတို့က NCA ကို သိပ်ပြီး မငြင်းပယ်ဘူး။ ဒါပေမယ့် After Singning ဆိုတဲ့ကိစ္စကို သူတို့ စိုးရိမ်မှု နည်းနည်း ရှိတယ်။ လက်မှတ်ထိုးလိုက်ပြီးရင် ဘယ်လိုဖြစ်လာမလဲ ဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေသေးတယ်လို့ ယူဆတယ်။ NCA ကိုတော့ တော်တော်လေး လက်ခံလာပြီလို့ ပြောလို့ ရတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ကော်မရှင်သည် မြောက်ပိုင်းဒေသသို့ သွားရောက်ရန် ရှိပြီး ယင်းအဖွဲ့များနှင့် ဆက်လက်တွေ့ဆုံ ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ စိုးရိမ်ချက်များကို လျှော့ချပေးနိုင်ရန်၊ နားလည်မှုရှိရန် ဆွေးနွေးရှင်းပြနိုင်ပါက ငြိမ်းချမ်းရေး ရရှိရေးအတွက် များစွာ စောင့်ဆိုင်းရတော့မည် မဟုတ်ကြောင်း ယင်းကော်မရှင်က ပြောသည်။
တတိယအကြိမ် ၂၁ ပင်လုံသို့ ‘ဝ’ ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့သည့် အစိုးရခေါင်းဆောင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး ကြေညာချက် တရပ် ထုတ်ပြန်ခဲ့သေးသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် “NCA ကို လက်မှတ်အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နှင့် နုတ်ထွက်ပိုင်ခွင့် ရှိမည်ဆိုသည့် နောက်ဆုံး သဘောထားအရ အစိုးရနှင့် တပ်မတော်ဘက်မှ ဤသဘောထားကို စာအားဖြင့် ကတိခံခဲ့ပါက ‘ဝ’ ပြည်အနေဖြင့် လက်မှတ် ရေးထိုးရန် တက်ကြွစွာ စဉ်းစားပေးနိုင်မည်ဟု ‘ဝ’ ပြည်မှ တင်ပြဆွေးနွေးခဲ့ပါသည်” ဟု ဖော်ပြထားသည်။
အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ NCA စာချုပ်တွင် နုတ်ထွက်သည့်အခန်း မပါဝင်၍ ယခုကိစ္စကို NCA က လွှမ်းခြုံ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း၊ သို့သော် NCA ပုဒ်မ ၂၇ အရ NCA ၌ တိတိကျကျ မပါသည့် အချက်များ ပေါ်လာပါက လက်မှတ်ထိုးထားသည့် အဖွဲ့နှင့် အစိုးရအကြား ၂ ဖက် ညှိနှိုင်း ဆောင်ရွက်မည်ဟု ဖော်ပြထား၍ ယင်းကိစ္စကို ကျေလည် စေရန် ရှင်းပြထားကြောင်း ဦးဇော်ဌေးက သတင်းထောက်များကို ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးကလည်း “ထုတ်ပြန်ချက်ဆိုတာ သူတို့ ကြိုတင်ပြင်ဆင်ထားတာ ကြာခဲ့ပြီ။ အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့က လွန်ခဲ့တဲ့ ၂ လ၊ ၃ လ ကတည်းက လုပ်ထားတဲ့ဟာပါ။ အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူတို့နဲ့ ကျနော်တို့ ညှိနေပါတယ်။ သူတို့ လိုချင်တာကို NCA ဘောင်ထဲကနေ ဘယ်လို ပေးလို့ရမလဲ ဆိုတဲ့ဟာကို ပြီးခဲ့တဲ့ ဇွန်လက တကြိမ်တွေ့တုန်းက ပေးခဲ့ပြီးပါပြီ။ အဲဒီကိစ္စကို ဗဟိုကော်မတီမှာ ပြန်စဉ်းစားကြမယ်လို့ ပြောပါတယ်” ဟု ရှင်းပြသည်။
‘ဝ’ ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့တွင် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ တအာန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့သည် FPNCC အဖွဲ့ဝင်များ ဖြစ်သည်။
FPNCC သည် စစ်ရေး မဟာမိတ် မဟုတ်ဘဲ နိုင်ငံရေး မဟာမိတ်အနေဖြင့် ဖွဲ့စည်းထားသော မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတရပ်ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။
ဧရာဝတီက ၂၀၂၀ မတိုင်မီ ယင်းအဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူနိုင်ချေရှိ၊ မရှိကို မေးမြန်းရာ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက “ဖြစ်လာနိုင်လားဆိုတော့ မဖြစ်လာနိုင်ဘူးလို့ ပြောရင် ကျနော်တို့ ထိုင်နေရုံပဲ ရှိတာပေါ့။ ကျနော်တို့ လုပ်နေတာ ဖြစ်လာနိုင်မယ်လို့ ယုံကြည်လို့၊ မျှော်လင့်လို့၊ ဖြစ်တာ မဖြစ်တာကတော့ တပိုင်းပေါ့ဗျာ။ သို့သော်လည်း ကျနော် စစ်သားတယောက်ပါ။ ဒီတိုက်ပွဲကို တိုက်ပြီ ဆိုကတည်းက နိုင်ချင်လို့ တိုက်တာ၊ ရှုံးကာမှ ရှုံးရောလေ။ အစကတည်းက ရှုံးမယ်မှန်းသိရင် ဘယ်တိုက်မှာလဲ။ နိုင်မယ်ယူဆလို့ တိုက်တာပေါ့” ဟု တုန့်ပြန်သည်။
၎င်းက ဆက်လက်၍ “အခုလည်း ငြိမ်းချမ်းရေး လုပ်နေတယ်ဆိုတာ ၂၀၂၀ မတိုင်ခင်မှာ ရမယ်လို့ ယုံကြည်တာ။ ရမယ်လို့ ယူဆတယ်။ ရမယ်လို့ မျှော်လင့်တယ်။ အဲဒါကြောင့် We do our best ပေါ့။ အကောင်းဆုံး လုပ်နေတယ်။ သို့သော် ကံအားလျော်စွာ အထစ်အငေါ့ ဖြစ်သွား ရင်လည်း ကျနော်တို့ ကုသိုလ်ပေါ့။ ဟိုဘက်ဒီဘက် ဆိုတာကတော့ ၂ ဖက် ရှိတာကိုး။ တဖက်တည်းကပဲ Political will ရှိနေလို့ မရဘူး။ ဆန္ဒတွေ ရှိရမယ်။ အာသီသတွေ ရှိရမယ်” ဟု ပြောသည်။
ယင်းမြောက်ပိုင်း ၇ ဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာစေရန် အဓိက ကူညီခဲ့သူမှာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကူညီပေးမှုအတွက် ကျေးဇူးတင်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသည့် ၂ နိုင်ငံ နယ်ခြား တည်ငြိမ်ရေးသည် ၂ နိုင်ငံစလုံး၏ အကျိုးစီးပွား ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် နေသူများက ပြောသည်။
ထို့ပြင် ‘ဝ’ ဦးဆောင်သည့် အဖွဲ့ထဲတွင် ပါဝင်သည့် AA ၊ MNDAA ၊ TNLA အဖွဲ့တို့သည် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်မည်ဟု တစုံတရာသော ကတိကဝတ် ပြုနိုင်ပါက NCA လမ်းကြောင်းထဲသို့ ၎င်းတို့ အဖွဲ့များ ဝင်ရောက်နိုင်ရေး တပ်မတော်က စဉ်းစားနေသည်။ ယခင်က ယင်း ၃ ဖွဲ့ကို တပ်မတော်က လုံးဝ အသိအမှတ်ပြုခဲ့ခြင်း မရှိပေ။
မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဒေါက်တာ မင်းဇော်ဦးက “၂၀၁၆ ခုနှစ်ထဲမှာ တပ်မတော်က စပြီး သဘောထားပြောင်းလာတာကို တွေ့ရတယ်။ ဒီ ၃ ဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ လက်နက်ဖြုတ်ဖို့ကို မပြောတော့ဘဲ တချိန်ကျရင်တော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့ဆိုတဲ့ဟာမျိုးကိုတော့ ကတိကဝတ်ပေးဆိုပြီး ပြောတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ၃ ဖွဲ့ နေပြည်တော်ရှိ တတိယ အကြိမ် ပင်လုံ ညီလာခံသို့ တက်ရောက်လာစဉ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်ခံတွေ့ဆုံခဲ့ခြင်းကပင် ယင်းအဖွဲ့ကို အသိအမှတ်ပြုသည်ဟု ဆိုနိုင် သော်လည်း သေချာစွာ အသိအမှတ်ပြုပြီဟု ၎င်းအနေဖြင့် အတည်ပြု မပေးနိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့တို့သည် နေပြည်တော်တွင် ကျင်းပနေသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ခဲ့ ကြသော်လည်း NCA လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် ဆွေးနွေးဆုံးဖြတ်သည့် အခွင့်အရေးများ မရရှိခဲ့ကြပါ။