ကုန်စည်ပို့ဆောင်ရေးယာဉ်များ တင်သွင်းရာတွင် လာဘ်ယူသည်ဟု စွပ်စွဲပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရဲတပ်ဖွဲ့တွင် အမှုဖွင့်ခံရသည့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ၃ ဦးအပါအဝင် အရာရှိ ၁၂ ဦးတို့အား ကျောက်တန်းရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
ထိုယာဉ်များကို အကောက်ခွန်ရှင်းလင်းရေးတွင် တင်သွင်းသူများထံမှ ငွေကြေးတောင်းခံသည်ဟု စွပ်စွဲခံရသူ ရန်ကုန်ဆိပ်ကမ်းမှ အကောက်အခွန် အရာရှိများနှင့် ပတ်သက်သော တိုင်ကြားစာကို လက်ခံရရှိပြီးနောက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္လာနေ့တွင် ကြေညာသည်။
အကောက်အခွန်အရာရှိများသည် တင်သွင်းသူများထံမှ ငွေတောင်းယူသည့်အပြင် အစိုးရ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီက ပိတ်ပင်ထားသည့် မော်တော်ယာဉ် အမျိုးအစားများကို နိုင်ငံတွင်းသို့ တင်သွင်းခွင့်ပြုခဲ့သည်ဟု သိရသည်။
ထိုတင်သွင်းသော ယာဉ်များကို အကောက်ခွန်ရှင်းလင်းမှု အဆင့်အသီးသီးတွင် ပါဝင်ခဲ့သော အကောက်အခွန်အရာရှိ ၇ ဦးတို့သည် မော်တော်ယာဉ် ၅ စင်းအတွက် စုစုပေါင်းကျပ် ၉ သန်းဖိုးခန့်ရှိသော လာဘ်ငွေများကို ရယူခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ညွှန်ကြားရေးမှူး ၃ ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ၁ ဦးနှင့် ဦးစီးအရာရှိ ၁ ဦးတို့သည် အကျင့်ပျက်ခြစားမှုတွင် ကူညီ သို့မဟုတ် ပူးပေါင်းပါဝင်ခဲ့သည်ဟု ကော်မရှင်က တွေ့ရှိခဲ့သည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင်မူ ကော်မရှင်က အကောက်ခွန်အရာရှိ ၇ ဦးကို ထောင် ၁၀ နှစ်အထိ အများဆုံး ကျခံရနိုင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်ရှိ သီလဝါရဲစခန်းတွင် အမှုဖွင့်လိုက်သည်။ အရာရှိ ၅ ဦးကိုမူ အားပေးကူညီသည်ဟု စွပ်စွဲပြီး ထိုဥပဒေ ပုဒ်မ ၆၃ ဖြင့် ကော်မရှင်က အမှုဖွင့်သည်။
၎င်းတို့ကို လာမည့် ဇူလိုင် ၃၀ ရက်နေ့အထိ ချုပ်ရက် ရမန် ရယူကာ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကသာ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးမည်ဟု ကျောက်တန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။
အကောက်ခွန်ဦးစီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသည်။ မေလက ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းသည် အဂတိလိုက်စားမှု အရှုပ်တော်ပုံတခုဖြင့် စုံစမ်းစစ်ဆေးနေစဉ် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ သို့သော် ကော်မရှင်က အမှုဖွင့်ခြင်း မလုပ်နိုင်ခဲ့ပေ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ယခင် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရခေတ် ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သည်။ သို့သော် သမ္မတသစ် ဦးဝင်းမြင့် စတင်တာဝန်ယူသည့် ယခုနှစ် မတ်လမတိုင်မီအထိ ထိုဥပဒေကို ကျင့်သုံးမှု လွန်စွာနည်းပါးခဲ့သည်။ အဂတိလိုက်စားမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများကို တိုက်ဖျက်ကာ အင်အားချိနဲ့နေသော တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲမည်ဟု ဦးဝင်းမြင့်က သူ၏ ရာထူးလက်ခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ သမ္မတရာထူးကို လက်ခံပြီးနောက် ဦးဝင်းမြင့် ပထမဆုံး တွေ့ဆုံခဲ့သော အဖွဲ့အစည်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကေ်မရှင်ပင်ဖြစ်သည်။
ထိုအချိန်မှစတင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှု များစွာပြုလုပ်ပြီး တက်ကြွလှုပ်ရှားလာသည်။ အကြီးမားဆုံး စုံစမ်းစစ်ဆေးမှုများတွင် ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွုန်ကြားရေးမှူးချုပ် တို့ကို စုံစမ်းစစ်ဆေးသော အမှုများပါဝင်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ယခု တရားစွဲဆိုမှုမတိုင်မီ မေလကလည်း ဝန်ထမ်းများ လာဘ်စားရန် အားပေးထားသော ရုံးတွင်း ပြောဆိုမှုတခု လူမှုကွန်ရက်ပေါ် ပေါက်ကြားပေါ်ထွက်လာသောကြောင့် စွပ်စွဲခံရသည့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတဦးကို စုံစမ်းစစ်ဆေးရန် သမ္မတရုံးက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ဖူးသည်။