အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်တွင် ဒေသခံအမျိုးသားတဦး မိကျောင်းဆွဲသွား၍ သေဆုံးခဲ့ရမှုအပေါ် မကျေနပ်သည့် လူအုပ်ကြီးက မွေးမြူရေးနယ်မြေအတွင်း မိကျောင်းကောင်ရေ ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောသည်။
အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးကို မိကျောင်းဆွဲသွားခြင်းဖြစ်ပြီး၊ ယင်း၏ ဈာပနကို အကြောင်းပြု၍ ရာနှင့်ချီသော ရွာသားများက မိကျောင်း မွေးမြူရေးကန်ဧရိယာသို့ ဝင်ရောက်ကာ မိကျောင်း ၂၉၁ကောင်ကို စနေနေ့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ သဘာဝရင်းမြစ် ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ ဘာဆာမနူလန်းက ပြောသည်။
“မိကျောင်းတွေကို သတ်ဖြတ်တာဟာ တရားမဝင်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့က ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေး နေပါတယ်” ဟု မနူလန်းက ပြောသည်။
အဆိုပါ မိကျောင်းကိုက်၍ သေဆုံးသူသည် ဆိုရွန်ခရိုင်အနီး ကလူမလူနယ်မြေရှိ ဘေးမဲ့ဧရိယာ အတွင်းသို့ ဝင်ရောက်ပြီး ကျွဲနွားများ ကျွေးမွေးရန် မြက်ဝင်ရိတ်သည်ဟု ယုံကြည်ရသည်။
ထို့အတွက် ရွာသားများမှာ ဓားများ၊ တူများ၊ တူးရွင်းများနှင့် အခြားချွန်ထက်သော လက်နက်များသုံး ၍ မိကျောင်းများကို သတ်ဖြတ်ခဲ့ကြကြောင်း၊ ၎င်းတို့သတ်ဖြတ်ခဲ့သော မိကျောင်းများအနက် အကြီးဆုံးနှစ်ကောင်မှာ ၁၃ ပေအထိရှိပြီး အခြားမိကျောင်းသားပေါက်များမှာ လက်မ ၂၀ မှ လက်မ ၆၀ အထိ ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် –ဘိုကလေးမှာ အမျိုးသမီးတဦးကို မိကျောင်း ကိုက်ချီသွား
မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း