ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာရှိ အသက် ၈၀ ကျော် အဘိုးကြီး၊ အဘွားကြီးလင်မယား ၂ ဦးကို သတ်ဖြတ်သူမှာ ၎င်းတို့၏တူတော်စပ်သူ ဝဏ္ဏစိုးဖြစ်ပြီး တရားခံအား ဖမ်းဆီးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပေကုန်းကျေးရွာတွင် နေထိုင်သည့် ဦးတင်လှိုင် (အသက် ၈၀ နှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်ရီ (အသက် ၈၁ နှစ်) တို့မှာ ဇူလိုင်လ ၁၅ နေ့က ၎င်းတို့နေအိမ်အခန်း ခြင်ထောင်အတွင်း၌ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် အသတ်ခံခဲ့ရသည့်အတွက် ကျွဲဒုံးနယ်မြေရဲစခန်းက စုံစမ်းဖော်ထုတ်ခဲ့ရာ ဦးတင်လင်၏ တူဖြစ်သူ ဝဏ္ဏစိုးက ကွမ်းခြံကိစ္စနှင့်ပတ်သက်၍ မကျေနပ်သည့်အတွက် ကြိုတင်ကြံစည်သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောသည်။
“ဝဏ္ဏစိုးက အသတ်ခံရသူ ဦးတင်လှိုင်ရဲ့ တူတော်စပ်တယ်။ အရင်တုန်းက ဦးတင်လှိုင်တို့က ဝဏ္ဏစိုးကို ကွမ်းခြံတွေ လုပ်ခိုင်းထားတယ်။ အဘိုးကြီးအဘွားကြီးတွေက အသက်အရွယ်ရလာတော့ လှူချင် တန်းချင်တာနဲ့ ကွမ်းခြံတဝက်ကို ရောင်းလိုက်ပြီး တဝက်ကို သူများကို ပေးလုပ်လိုက်တယ်။ အဲဒါကို မကျေနပ်တဲ့အတွက် ဝဏ္ဏစိုးက သတ်ဖြတ်ခဲ့တာဖြစ်တယ်။ ဝဏ္ဏစိုးကလည်း သူသတ်မိကြောင်း ဝန်ခံထားတယ်။ လူသတ်ရာမှာ အသုံးပြုတဲ့ ဓားနဲ့ သွေးစွန်းတဲ့ အဝတ်အစားစတဲ့ သက်သေခံပစ္စည်းတွေလည်း သိမ်းဆည်း ရမိထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
ဦးတင်လှိုင်မှာ လေဖြတ်သည့်ဝေဒနာခံစားနေရသည့် နာတာရှည်လူနာတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ရီနှင့်အတူပေကုန်းကျေးရွာရှိ နေအိမ်တွင် လင်မယား ၂ ဦးတည်း နေထိုင်ကြခြင်းဖြစ်သည်။ ဝဏ္ဏစိုးမှာ အခင်းဖြစ်နေ့ ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းက ဦးလေးဖြစ်သူ ဦးတင်လှိုင်တို့နေအိမ်သို့ လာရောက်ကာ အဘိုးကြီး၊ အဘွားကြီး လင်မယား ၂ ဦးအား သတ်ဖြတ်ခဲ့ပြီး ၎င်း၏နေအိမ်သို့ ပြန်သွားခဲ့ကြောင်း၊ အိမ်ပြန်ကာ အဝတ်အစားလဲပြီးနောက် ဦးတင်လှိုင်တို့အိမ်သို့ ဟန်မပျက် ထမင်းချိုင့်လာပို့ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြောသည်။
“ဝဏ္ဏစိုးက အခင်းဖြစ်တဲ့ ဇူလိုင် ၁၅ နံနက်ပိုင်းမှာ အဘိုးကြီးအဘွားကြီးကို လာသတ်ပြီး သူ့အိမ်ပြန် အဝတ်အစားလဲပြီးတော့မှ အဘိုးကြီး၊ အဘွားကြီးအိမ်ကို ဟန်မပျက် ထမင်းချိုင့်သွားပို့တယ်။ အဲဒီအချိန်ကျမှ အဘိုးကြီး၊ အဘွားကြီးတွေ အသတ်ခံထားရတာကို သူတွေ့ပြီး သက်ဆိုင်ရာကို သတင်းပို့တဲ့ပုံစံမျိုး လုပ်ဆောင်ခဲ့တာ”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
အသက် ၄၁ နှစ်အရွယ်ရှိ ဝဏ္ဏစိုးအား ပေကုန်းကျေးရွာနေ ဦးတင်လှိုင်နှင့်ဒေါ်ရီတို့နှစ်ဦးအား သတ်ဖြတ်မှုဖြင့်ကွဲျဒုံးနယ်မြေရဲစခန်းက ပြစ်မှုနံပါတ် ၄၅/၂၀၁၈၊ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး အရေးယူထားပြီး မအူပင်ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ကျွဲဒုံးနယ်မြေရဲစခန်းထံမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်– မအူပင် နှစ်လောင်းပြိုင် လူသတ်မှု တရားခံ ဖမ်းမမိသေး