သတင်း

ပဲသွေးအချို့ ဖော်မလင် သုံးထားကြောင်း FDA စစ်ဆေးတွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့အတွင်းရှိ ပဲသွေး ထုတ်လုပ် ရောင်းချနေသည့် ဒိုင်များကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရာတွင် စားသုံးရန် မသင့်သည့် တာရှည်ခံ ဆေးရည်များ ထည့်သွင်းပြီး ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်း ချနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီဌာန (FDA )မှ သတင်း ရရှိသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ခရိုင်ရုံးများ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်း အောင်က “ပဲသွေး ဆိုပြီးတော့ အမဲသွေးကို အခြေခံပြီးတော့မှ ထုတ်တယ်။ ကိုင်းဖျား ကိုင်းနားကို စစ်တာ မဟုတ်ဘဲ ဒီလို ပင်ရင်းတွေကို စစ်ပြီး အရေးယူမှုတွေ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ရင် ပပျောက်သွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဇူလိုင် ၁၇ ရက်က FDA မှ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ စည်ပင် ကြီးကြပ်ရေးမှူး ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ၌ တွေ့ရှိရခြင်း ဖြစ်သည်။

ဓာတ်ခွဲ စစ်ဆေးချက် အရ အဆိုပါ ပဲသွေးကို တာရှည်ထားခံရန် လူသေကောင်များ၌ မပုပ်မသိုးစေရန် အသုံးပြုသည့် ဆေးရည် တမျိုး ဖြစ်သည့် ဖော်မလင်ကို အသုံးပြုထားခြင်းကို တွေ့ရှိရသဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုကို ပိတ်လိုက်ကာ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကြောင်း FDA က သိရသည်။

အဆိုပါ ဖော်မလင်များကို မုန့်ဖတ်၊ ပဲပြားနှင့် ပဲသွေးတို့တွင် အများဆုံး အသုံးပြုကြောင်းလည်း သိရပြီး စားသုံးရန် မသင့် သည့် အစာအသောက်၊ ဆေးဝါးများကို ဆက်လက် ရောင်းချခြင်း မပြုရန် ခံဝန်ကတိ ထိုးခိုင်းပြီး ဆက်လက် ရောင်းချပါက အမျိုးသား ဆေးဝါး ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့အတွင်းမှ ပဲသွေးဒိုင် ကိုဆန်းအောင်က “သူများလုပ်လို့ ဆိုပြီး လုပ်လိုက်တာ။ မပုပ်ဘူးဆိုတော့ ထည့်ကြည့် တာပေါ့။ ကျနော်လည်း မသိဘူး။ အခု သူတို့က မထည့်နဲ့လို့ ပြောတော့ နောက်လုပ်ရင် မထည့်တော့ပါဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ ဖော်မလင် ထည့်သွင်း ပြုလုပ်ထားသည့် အစားအစာများကို စားသုံးမိပါက အေ့ာအန်ခြင်း ၊ ဗိုက်နာခြင်း၊ ဝမ်းသွား ခြင်းများ ဖြစ် နိုင်ကြောင်း၊ ကြာရှည် စားသုံးမိပါက အသက်ရှုလမ်းကြောင်း နှင့် ပတ်သက်သည့် ရောဂါများ အပါအဝင် ကင်ဆာရောဂါအထိ ဖြစ်ပွား စေနိုင်ကြောင်း ဒေါက်တာ ထွန်းလင်းအောင် က ရှင်းပြသည်။

နေ့စဉ် စားသုံးနေသည့် အစားအစာများသည် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်ရန်ထက် အန္တရာယ်ဖြစ်ဖို့ အလားအလာ များနေကြောင်း၊ မည်သည့် အစားအစာကိုမှ စိတ်ချလက်ချ မစားရဲတော့သဖြင့် စားသုံးသူများ အနေဖြင့် စိတ်ချလက်ချ စားသုံး နိုင်သည့် အနေအထား တရပ် အထိ ရောက်ရှိရန် အတွက် အစိုးရတရပ် အနေဖြင့် ဆောင်ရွက်ပေး စေလိုကြောင်း ပျဉ်းမ နားမြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဒေါ်မေမီကျော် က ပြောသည်။

၎င်းက “ဈေးထဲမှာ ရောင်းနေတဲ့ ရေကြို ငပိကိုပဲ ကြည့်လေ။ ယင်မနားအောင် ဆေးတွေနဲ့ လုပ်ထားကြတယ်။ အရောင် လှအောင် ဆေး ဆိုးတယ်။ ဟင်းရွက်တွေဆိုလည်း ပိုးသတ်ဆေးကြောင့် အစိမ်း မတို့စားရဲဘူး။ ဒါတွေက နေ့တိုင်း ဈေး သွားနေတဲ့ အိမ်ရှင်မတွေ ရင်ဆိုင် နေရတဲ့ ပြဿနာပါပဲ” ဟု ဧရာဝတီသို့ မှတ်ချက်ပေးသည်။

ပျဉ်းမနားမြို့ အတွင်း၌ ပဲသွေးအမည်ခံ၍ အမဲသွေးထုတ်လုပ်မှုမှာ တရက်လျှက် အခုရေ ၅၀၀ မှ ၆၀၀ အထိ ထုတ်လုပ် လျက်ရှိပြီး ထိုသို့ အမဲသွေးများကို ကြာရှည်ခံရန် အတွက် ဖော်မလင် ဆေးရည်များကို အသုံးပြုသည့် ထုတ်လုပ်သူ ပိုင်ရှင် များကို ယင်း ဆေးများ အသုံးပြု ပြီး ထပ်မံ ပြုလုပ်ခြင်း မပြုရန် ခံဝန်ကတိ ထိုးခိုင်းခြင်း၊ စစ်ဆေးမှု နောက်တကြိမ်၌ ပြန် လည် တွေ့ရှိပါက လုပ်ငန်းလိုင်စဉ် ပိတ်သိမ်းပြီး၊ အမျိုးသား ဆေးဝါး ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူမှုများပြု လုပ်သွား မည် ဟု ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

အစားအစာများ၏ ဘေးကင်း စိတ်ချရမှု (Food Safety) ဖြစ်ရန် အတွက် တရက်စာ ရောင်းချမည့် အစားအစာများကို တနေ့စာသာ ထုတ်လုပ်ရောင်းချပါက ဘေးကင်းသည့် အစားအစာများ ဖြစ်နိုင်ကြောင်းနှင့် ထုတ်လုပ်သည့် ပင်မ ဒိုင်များကို မကြာခဏ သွားရောက် စစ်ဆေးခြင်းဖြင့် အကာအကွယ်များ ပြုလုပ်ပေးသွားနိုင်မည်ဟု ၎င်းက ဆက်လက် ပြောသည်။

Loading