အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံအဖြစ် တရားစွဲဆိုခံထားရသည့် တပ်မတော် အရာရှိကတော် ဒေါ်သိင်္ဂီႌစုသည် ကျန်းမာရေးကြောင့် သော်လည်းကောင်း ၊ တရားလိုပြသက်သေများ၏ မမှန်မကန်ထွက်ဆိုနေမှုများကြောင့် သော်လည်းကောင်း အမှုမှန်ပေါ်ပေါက်ရန်အတွက် စစ်ဆေးမေးမြန်းမှုများကို အမြန်ဆုံးစစ်ပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
ယနေ့ တရားလိုပြသက်သေ တဦးဖြစ်သည့် အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးထွန်းကြိုင်ကို စစ်ဆေးမှုများ ပြုလုပ်အပြီးတွင် တရားသူကြီးအား ၎င်းကိုယ်တိုင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“သူလည်း ပြောပါရစေဆိုတော့ တရားသူကြီးကမေးတယ်။ ဘာပြောချင်လဲဆိုတော့ မမှန်မကန်တွေ ထွက်ဆိုနေတာတွေ ကြားရတယ် သူ့အမှုကိုလည်း မြန်မြန်စစ်ပေးစေချင်ပါတယ်တဲ့ သူအဲဒီလိုပြောတယ်” ဟု တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် ကပြောသည်။
မကရင်မသေဆုံးမှုတွင် တရားခံဟုယူဆရသူ တပ်မတော်အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်ပြီး ယင်းအမှုကို တောင်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
ဆက်လက်ပြီး တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က “တရားလိုဘက်ကလည်းပဲ မြန်မြန်ပြီးချင်တယ်။ တရားရုံးကလည်း ရုံးချိန်းတချိန်းကို ၂ ယောက်လောက်တော့ စစ်ချင်တယ်။ တရားရုံးရဲ့ ဆန္ဒကလည်း ဒီအမှုကို မြန်မြန်ပြီးစေချင်တယ်။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ မြန်မြန်ပြီးချင်တယ်။ တရားခံကလည်း ခုနက တောင်းဆိုတာက ဒီအမှုကို မြန်မြန်ပြီးအောင် စစ်ချင်ပါတယ်ဆိုတော့။ အဆင်ပြေပါတယ်” ဟုဆိုသည်။
ယနေ့တရားခွင်တွင် ဥပဒေအရာရှိမှ မကရင်မအား ရွာသို့ လာရောက်ပို့ဆောင်ခဲ့သူနှင့် ယခုတရားခွင်တွင် ရောက်ရှိနေသည့်သူ တူ၊တူမကို တရာလိုပြသက်သေအား စစ်ဆေးခဲ့ရာတွင် အတူတူပင် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
တရားလိုပြသက်သေ တဦးဖြစ်သည့် ရာအိမ်မှူး ဦးထွန်းကြိုင်က “ကျနော်ကတော့ မဟုတ်တာတော့ မပြောဘူး။ မှန်တာတွေကို အတတ်နိုင်ဆုံး စဉ်းစားပြီး ပြောခဲ့တယ်” ဟုပြောသည်။
“အခုပြောခဲတဲ့ ဖြစ်ရပ်တွေက အမှန်ပဲ ကျနော်က ဒေါ် သိင်္ဂီစုကို မစ္ဆိရိယ စိတ်လည်း မရှိပါဘူး။ ကျနော် သိတဲ့အတိုင်းပဲ ထွက်ထားတယ်။ ထွက်တဲ့အပေါ်မူတည်ပြီး ဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ၎င်းကပြောသည်။
မကရင်မသည် လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယ တရားခံ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် တရားလိုပြ သက်သေအဖြစ် ၂၉ ဦး တင်သွင်းထားပြီး လာမည့် ရုံးချိန်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားသည်။