နမ္မတူမြို့နယ် အတွင်း၌ လက်နက်ကြီး ပစ်ခတ်သံကြောင့် တိမ်းရှောင်လာသည့် ဒေသခံ ပြည်သူ ၇၀၀ ကျော် အတွက် အရေးပေါ်ကူညီမှုများ လိုအပ်နေကြောင်း တအန်း အမျိုးသမီး အဖွဲ့ (TWO) မှ သတင်းမှတ်တမ်းနှင့် သုတေသန ဌာန တာဝန်ခံ လွေးပိုးကမီခေး က ဧရာဝတီ သို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ပင်လုံ ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)နှင့် ပလောင်(တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နီးစပ်ရာ ကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင် လာကြခြင်း ဖြစ်ကြောင်း သိရသည်။
လွေးပိုးကမီခေးက “တိုက်ပွဲ ဖြစ်တာကတော့ သူတို့ရွာ အနီးအနားမှာပါ။ အသံတွေ ကြားပြီး ကြောက်လို့ ထွက်ပြေး လာ ကြတာ။ ရွာသားတွေ ပြောတာက TNLA နဲ့ RCSS ဖြစ်ကြတယ်လို့ ပြောတယ်။ ရိက္ခာက မလိုအပ်ဘူးလို့တော့ ပြောလို့ မရဘူး။ သူတို့က ၁ ရက်၊ ၂ ရက် လောက်ဆို အကြောင်းမဟုတ်ဘူး။ ကြာမယ်ဆိုရင် ရိက္ခာ မလောက်တော့ ဘူး” ဟု ပြောဆိုသည်။
အဆိုပါ ဒေသခံပြည်သူများမှာ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့၌ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။
လွေးပိုးကမီခေး က ဆက်လက်၍ “အမျိုးသမီး အသုံးအဆောင်တွေ လိုတယ်။ အစားအသောက်၊ သောက်ရေသန့်၊ နောက် သက်ကြီး ရွယ်အိုတွေ အတွက် ဆေးဝါးလိုတယ်။ နောက် အရေးကြီးတာက အခု နားခိုနေတာက ဘုန်းကြီး ကျောင်း ဆိုတော့ အိမ်သာ က ၂ လုံးပဲ ရှိတာ။ တိမ်းရှောင်လာတာ လူ ၇၀၀ ကျော်ဆိုတော့ ဘယ်လိုမှ မလောက်ဘူး” ဟု ဆက်ပြောသည်။
ပင်လုံ ကျေးရွာ အုပ်စုအတွင်းရှိ နမ့်ဆီလင်း၊ မန်ဆာ၊ မန်ကျယ်၊ မန်ကျန်း၊ ပန်သပြေရှိ တိမ်းရှောင်လာသည့် ဒေသခံ များ ၏ စားသောက် နေထိုင်ရေးကို TWO ၊ နယ်စည်းမခြား ပရဟိတ အသင်း(သီပေါ)၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း နှင့် မျိုးဆက်သစ် တအန်း လူငယ်အဖွဲ့တို့က အကူအညီများ ပေးနေကြောင်း သိရသည်။
လွေးပိုးကမီခေးက “အခုလို တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ သေနတ်သံ ဗုံးသံကြားနေ သရွေ့ ရွာသားတွေက တော့ ပြေးနေရဦးမှာပဲ။ တကယ်လို့ နှစ်ဖက်စလုံးက မဖြစ်မနေ တိုက်ရမယ်ဆိုရင်လည်း ရွာသားတွေ အနီးအနား ရှိနေ ရင် သတိထားရမယ့် အနေအထား ဖြစ်တယ်။ ဒီလိုဖြစ်ခြင်းအားဖြင့် တိုင်းရင်းသား အချင်းချင်းတိုက်တယ် ဆိုတာ ကြားလို့ လည်း မကောင်းဘူး။ နောက် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်”ဟု ပြောကြားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းသည် လက်နက်ကိုင် အဖွဲ့အစည်း အများဆုံး ရှိသည့် ဒေသတခုလည်း ဖြစ်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ယင်းတိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူများ ကျည်ဆန် ထိမှန်ခြင်း၊ လက်နက်ကြီး ကျည်စ မှန်ခြင်း၊ မိုင်းထိခြင်းများ ရှိပြီး ဘဝဆုံးသည် အထိ ထိခိုက် ဒဏ်ရာရ၍ သေဆုံးမှုများလည်း ရှိကြောင်း သိရ သည်။
နမ့်ဆီလင်းမှ တိမ်းရှောင်လာသည့် ရွာသားတဦးက “တိုက်ပွဲတော့ မဖြစ်သေးဘူး။ လက်နက်ကြီး နှစ်လုံးပစ် လိုက် တော့ အသံကြားလို့ ကြောက်နေတာ။ မနေရဲတော့လို့ ထွက်ပြေးလာကြတာပါ။ မနေ့က ပြေးလာတာက သက်ကြီး ရွယ်အိုတွေ ရယ်၊ကလေးတွေရယ်ပဲ ပြေးလာတာ။ ဒီနေ့မှ တရွာလုံး ပြေးလာတာ။ အခု လောလောဆယ်တော့ မန်လီ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာပါ။ အကုန်လုံး အဲဒီမှာ စခန်းချထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန်ဆာ ကျေးရွာမှ ထွက်ပြေးလာသည့် ရွာသားတဦး ကလည်း“ဒီအချိန်မှာ ကျနော်တို့က စိုက်ပျိုးရာသီ ဖြစ်တဲ့ အတွက်ကြောင့် အခုလို ထွက်ပြေးရတဲ့ အခါ တော်တော်လေး ဒုက္ခရောက် ရတယ်။ တကယ်လို့ စိုက်ပျိုးတာကို မလုပ်နိုင်ရင် ကျနော်တို့ တနှစ်စာ စားဖို့အတွက် အခက်အခဲရှိတယ်”ဟု ပြောပြသည်။
တိမ်းရှောင်လာသည့် ရွာသူရွာသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ ကော်မတီ၊ ရွာလူကြီးများက စီမံ ခန့်ခွဲ ခြင်း၊ နေရာချထားခြင်းများ ပြုလုပ်ပေးသည်ဟု တိမ်းရှောင်လာသူများအား ကူညီပေးနေသည့် နယ်စည်းမခြား ပရဟိတ အသင်း (သီပေါ)မှ ကိုမျိုးက ဧရာဝတီသို့ ပြောသည်။
RCSS နှင့် TNLA တို့သည် နယ်မြေ ပြဿနာကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။