အိမ်မဲမြို့နယ်ရှိ ညောင်ကုန်းချောင်းဖျားကျေးရွာ ကျေးလက်မီးလင်းရေးအတွက် ငွေကျပ်သိန်း ၁၀၀ တောင်းခံသည့်ကိစ္စနှင့် ပတ်သက်၍ အိမ်မဲမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အား နောက်နောင် ယခုလိုမဖြစ်စေရန်အတွက် ခံဝန်လက်မှတ်ရေးထိုးခိုင်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ထံမှ သတင်းရရှိသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်မှာ အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် ထရန်စဖော်မာပြောင်းရွှေ့ကြေးအဖြစ် တိုင်းအဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ငွေကြေးပေးသွင်းရန်ဟုဆိုကာ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေး ကော်မတီထံမှ ကျပ်သိန်း ၁၀၀ ကို ယခုနှစ် မတ်လအတွင်းက တောင်းခံခဲ့ကြောင်း၊ သိရသည်။
နောက်ပိုင်းတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မီးလင်းရေးဆောင်ရွက်ကြောင်း ဒေသခံများက သိရှိခဲ့ကြပြီး NLD ပါတီသို့ တိုင်ကြားမှုများပြုုလုပ်ခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်မှာ ငွေကျပ် သိန်း ၁၀၀ အား မီးလင်းရေးကော်မတီထံ ပြန်လည်ပေးအပ်ခဲ့သော်လည်း အဆိုပါကိစ္စအား ဧရာဝတီတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီက စုံစမ်းစစ်ဆေးပြီးနောက် ဦးအောင်ကျော်မြိုင်အား ခံဝန် ရေးထိုးစေရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“အိမ်မဲမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို နောက်နောင်အခုလို မဖြစ်အောင် ခံဝန်လက်မှတ်ရေးထိုးစေမှာ ဖြစ်ပါတယ်။ မကြာခင်မှာ ဧရာဝတီတိုင်းလွှတ်တော် ပြန်စတော့မှာ ဆိုတော့ လွှတ်တော်ပြန်စချိန်မှာ ခံဝန်လက်မှတ်ရေးထိုးမှု လုပ်ဆောင်သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဧရာဝတီကို ပြောသည်။
ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးကော်မတီထံမှ ငွေကျပ်သိန်း ၁၀၀ တောင်းခံသည့်ကိစ္စအား အဆိုပါ ကျေးရွာသို့ကွင်းဆင်းသတင်းယူခဲ့သည့် အိမ်မဲမြို့မှ အလွတ်သတင်းထောက် ကိုသူရစိုးကိုလည်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က သတင်းမရေးရန် ငွေပေးမည်ဟု ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည့် အတွက် အလွတ်သတင်းထောက် ကိုသူရစိုးက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်တန်းခဲ့ကြောင်း သိရသည်။
အလွတ်သတင်းထောက် ကိုသူရစိုး၏ တိုင်ကြားချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အိမ်မဲအမတ် ဦးအောင်ကျော်မြိုင်ကိစ္စကို စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းတွင် အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ စာတစောင်ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါစာထဲတွင် ဦးအောင်ကျော်မြိုင်မှာ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ငွေကျပ်သိန်း ၁၀၀ ကို မမှန်မကန် တောင်းခံရယူခဲ့ကြောင်း၊ ယင်းငွေအား ကိုယ်ကျိုးအတွက် အသုံးမပြု၊ လာဘ်ပေးလာဘ်ယူပြုလုပ်ကြောင်း အထောက်အထားအခိုင်အမာ မတွေ့ရသော်လည်း လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့် ကျေးရွာ မီးလင်းရေးငွေကြေးကိစ္စများ၌ ကျင့်ဝတ်နှင့်မညီဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှု လွဲမှားစွာ ဆောင်ရွက်ခြင်း၊ အများပြည်သူအထင်အမြင် လွဲမှားစေရန်ဆောင်ရွက်ခြင်းတို့ကြောင့် အိမ်မဲအမတ် ဦးအောင်ကျော်မြိုင်အား ဧရာဝတီတိုင်းလွှတ်တော်အနေဖြင့် လိုအပ်သလိုအရေးယူဆောင်ရွက်သင့်ကြောင်း ရေးသားထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှ ပေးပို့သည့်စာရောက်ရှိပြီးနောက် ဦးအောင်ကျော်မြိုင်အား စုံစမ်းစစ်ဆေးရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီအား တိုင်းလွှတ်တော်က တာဝန်ပေးအပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်ဦးဆောင်သည့် အဖွဲ့ဝင်များက ဦးအောင်ကျော်မြိုင်ကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီး ဧရာဝတီတိုင်းလွှတ်တော်ထံသို့ အစီရင်ခံစာ ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။
ညောင်ကုန်းချောင်းဖျားရွာ မီးလင်းရေးအတွက် ဓာတ်အားခွဲရုံမှပို့လွှတ်သော ဓာတ်အားလိုင်းနှင့်ချိတ်ဆက်ရန် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကျေးရွာမီးလင်းရေးကော်မတီက ကောက်ခံ ထားသည့် ငွေကျပ်သိန်း ၁၀၀ ကို အသုံးပြု၍ ရွာအထိမီးလိုင်းဆက်သွယ်ပေးရန် အိမ်မဲမြို့နယ်လျှပ်စစ်ဌာနအားပေးအပ်ခြင်းဖြစ်ကြောင်း၊ ၎င်းကာလတွင် အိမ်မဲမြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူ ခရီးသွားနေသည့်အတွက် အဆိုပါ ငွေသိန်း ၁၀၀ မှ မိမိကကြားခံယူပေးထားခြင်းသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ပြောသည်။
“၄၀၀ ဗို့အားလိုင်း ကျလာတဲ့အခါမှာ ရွာကထပ်ဆက်ရမယ့်အပိုင်းမှာ ငွေကြေးကုန်ကျစရိတ် ရှိတယ်။ အဲဒီတော့ ကျေးရွာမီးလင်းရေးကော်မတီက မြို့နယ် EPC (လျှပ်စစ်ဌာန) ပေးဖို့အတွက် ငွေကောက်တယ်။ အဲဒီအချိန် တုန်းက EPC တာဝန်ရှိသူက ခရီးသွားနေလို့ ကျနော်က ကြားခံယူပေးထားတာ။ အဲဒီမှာ အစည်းအဝေး ဆုံးဖြတ်ချက် မဟုတ်ဘဲ ဒီသိန်း ၁၀၀ ကို ပေးရသလားဆိုပြီး မီးလင်းရေးကော်မတီဝင် အချင်းချင်းစကားများပြီး ကျနော့်ကိုတိုင်တာတွေလုပ်တယ်။ အဲဒီလိုအရှုပ်အရှင်းတွေ ဖြစ်လာလို့ ကျနော်က ငွေသိန်း ၁၀၀ ကို ပြန်ပေး လိုက်ပြီး ခင်ဗျားတို့ဘာသာ သွားပေးဆိုပြီး ပြောလိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ခံဝန်ထိုးရမယ်ဆိုတဲ့ အပေါ်မှာ အကြီးအကဲတွေစီမံတဲ့အပေါ်မှာ ကျနော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး”ဟု အိမ်မဲမြို့နယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ပြောသည်။
ဦးအောင်ကျော်မြိုင်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ၏ အိမ်မဲမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် တဦးတည်းသော မသန်စွမ်းကိုယ်စားလှယ်အဖြစ် ပါဝင်နေသူဖြစ်ကြောင်း သိရသည်။