ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ် အတွင်း တအန်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) မှ ဆေးမှူး စစ်သမီး ၆ ဦး အသတ်ခံရသည့် ကိစ္စကို တပ်မတော်ဘက် က စုံစမ်း ဖော်ထုတ် အရေးယူ ပေးစေလိုသည်ဟု TNLA က ပြောသည်။
TNLA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “တပ်မတော်ဘက်က စုံစမ်း ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက် ပေးဖို့ လိုတယ်။ ဒါက စစ်သုံ့ပန်းဥပဒေ (ဂျနီဗာကွန်ဗန်းရှင်း) အရဆိုရင် ချိုးဖောက်တာပဲ။ လက်ရ ဖမ်းမိတာ လေ။ ၂ဦးက တော့ ဦးခေါင်းမှာ သေနတ်နဲ့ ပစ်သတ်တယ်။ ကျန်တဲ့ ၄ဦးကတော့ ဓားတွေနဲ့ မွှန်းထား တယ်။ တုတ်တွေနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးတာတွေ့ရတယ်”ဟု ပြောပြသည်။
TNLA မှ ဆေးမှူး စစ်သမီး ၆ ဦးသည် ဇူလိုင်လ ၁၁ ရက်က TNLA တပ်သားများနှင့် အတူ နယ်လှည့် ဆေးကုပြီး အပြန် လမ်းတွင် တပ်မတော်၊ စစ်ကြောင်းနှင့် တိုးပြီး ပစ်ခတ်မှုများ ဖြစ်ပွားရာ သေနတ် ၃လက်နှင့် အတူ စစ်သမီး ၆ ဦး ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်ဟု TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
“ဖြစ်တာက နမ့်ခမ်းနဲ့ မန်တုံမြို့နယ် အစပ်။ ဇူလိုင်လ ၁၁ရက် နေ့လယ် ၁နာရီခွဲလောက်မှာ ကျနော်တို့ စစ်သမီး ၆ဦးနဲ့ သူတို့ လုံခြုံရေးအပါ ကားတစီး စီးလာတယ်။ လမ်းမှာ မြန်မာ့ တပ်မတော်က ဝိုင်းပစ်ခတ်တော့ ရဲဘော် တဦး ပွဲချင်းပြီး ကျဆုံးတယ်။ တဦးက ဒဏ်ရာရတော့ ထွက်ပြေး လွတ်မြောက် လာတယ်။ စစ်သမီး ၆ဦးက တော့ လက်ရ အရှင်ဖမ်း တာ”ဟုလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပြသည်။
TNLA စစ်သမီးများ ဖမ်းဆီး သတ်ဖြတ်ခံရသည့် အချိန်မှာ နေပြည်တော်တွင် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ – ၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပနေချိန် ဖြစ်ကြောင်း၊ ဖြစ်စဉ်မှာလည်း နိုင်ငံ တကာ ဥပဒေကို ချိုးဖောက် ခြင်း ဖြစ်သဖြင့် တပ်မတော်က ဖော်ထုတ်ပြီး အရေးယူပေးရန် လိုသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ထပ်မံ ပြောဆို သည်။
ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။ TNLA စစ်သမီး ၆ဦးကို တပ်မတော်မှ သတ်ဖြတ်ခြင်း ဟုတ် မဟုတ်ကိုလည်း ဧရာဝတီမှ တပ်မတော်၏ သီးခြား မှတ်ချက် ရယူ နိုင်ခြင်းလည်း မရှိသေးပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှလည်း တစုံတရာ သတင်း ထုတ်ပြန်ခြင်း မရှိ သေးပါ။
စစ်သုံ့ပန်း ဥပဒေ ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် အမှတ် (၃) တွင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားရာ၌ ဖမ်းဆီး ခံရသည့် စစ်သားများ၊ ဒဏ်ရာရရှိထားခြင်းနှင့် ကျန်းမာရေး မကောင်းသည့် စစ်သားများ အတွက် နှစ်ဖက် တပ်ဖွဲ့များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ၁၉၄၉ ခုနှစ်က ပြဌာန်းထားသည်။
ထိုပြဌာန်းချက်များတွင် နှစ်ဖက်ပစ်ခတ်မှုနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ဧရိယာအတွင်း ဆက်လက် ပစ်ခတ်မှု မပြုလုပ်ဘဲ လက်နက်ချလိုက်ပြီဟု ကြေညာသည့် စစ်သားများ၊ ဖမ်းဆီးထိန်းသိမ်း ခံရခြင်းနှင့် ဒဏ်ရာ ရထား သည့် စစ်သားများ၊ အကြောင်းအမျိုးမျိုးကြောင့် အညံ့ခံထားသူများကို မည်သည့် အခြေအနေမျိုးမဆို ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်း၊ ပြန်ပေးဆွဲ ဓားစာခံ အဖြစ် ထားခြင်းများ မပြုလုပ်ရ ဘဲ ဖမ်းဆီးခံရသူ၏ ဂုဏ်သိက္ခာနှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု ရေးသားထားသည်။
ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားသည့် နိုင်ငံအတွင်းရှိ တပ်မတော် နှင့် လက်နက်ကိုင် အဖွဲ့များက ဂျနီဗာ ကွန်ဗန်းရှင်း ၏ ပြဌာန်းချက်များကို ကျင့်သုံးလိုက်နာရမည် ဖြစ်ပြီး မြန်မာနိုင်ငံသည် ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ် ရေးထိုးထားသည်။
ဆေးမှူး စစ်သမီး ၆ ဦး၏ အလောင်းများကို မန်တုံမြို့နယ် အွယ်လော ကျေးရွာအနီးတွင် ဒေသခံများက ဇူလိုင်လ ၁၄ ရက်တွင် ပြန်လည် တူးဖော်မိခြင်း ဖြစ်သည်ဟု သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ TNLA ဆေးမှူး စစ်သမီး ၆ ဦးနှင့် အခြားတပ်ဖွဲ့ဝင်များသည် ဘော်တွင်း သတ္တု လုပ်ကိုင် နေသူများ၏ ကား ၃စီးကို တားပြီး လမ်းကြုံလိုက် စီးလာခြင်း ဖြစ်ကြောင်း၊ ၂စီးမှာ သွားလိုသည့် ရွာကို ရောက်သွားသော် လည်း စစ်သမီးများ စီးလာသည့် ကားမှာ တပ်မတော် စစ်ကြောင်းများနှင့် တိုးရာမှ ထိုသို့ ဖြစ်သွားခြင်း ဖြစ်သည်ဟု ဆို သည်။
တအန်း အမျိုးသမီး အဖွဲ့အစည်း (TWO) မှ သတင်းမှတ်တမ်းနှင့် သုတေသန တာဝန်ခံ လွေးပိုးကမီခေး က “ကျမတို့ အတည်ပြုလို့ ရတာက အမျိုးသမီးဆေးမှူး ၆ ဦးကို တပ်မတော်၊ တပ်မ ၈၈ ဘက်ကဖမ်းပြီးသတ်ဖြတ် ခဲ့တယ်။ အစုလိုက် အပြုံလိုက် မြေမြှုပ်ခဲ့တယ်ဆိုတာ ကျမတို့ အတည်ပြုလို့ ရတယ်”ဟု ပြောသည်။
စစ်သမီးများ လမ်းကြုံလိုက်စီးလာသည့် ကားမှ ကားသမား ၂ဦးကိုလည်း တပ်မတော်က ဖမ်းဆီး သွားသည့် သတင်းများ သိရပြီး ၎င်းတို့ ၂ဦး မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သတင်း မရတော့ကြောင်းလည်း လွေးပိုးကမီခေး က ပြောဆို သည်။
လွေးပိုးကမီခေးက TNLA မှ ဆေးမှူးစစ်သမီးများမှာ ၎င်းတို့ ထမ်းဆောင်နေသည့် အဖွဲ့အစည်းမှ စစ်သားများ၊ ဖမ်းဆီး မိသည့် တပ်မတော်သားများ တိုက်ပွဲအတွင်း ဒဏ်ရာရပါက ကုသပေးသည့် တာဝန် ထမ်းဆောင် နေသော်လည်း တဖက် တွင် တအန်း ရွာများကို လိုက်လံ ဆေးကုသပေးသည်များလည်း ရှိသည်ဟု ပြောသည်။
“သူတို့က ရပ်ရွာတွေမှာ တာဝန်ကျရာ အရပ်ဒေသမှာ လိုက်ဆေးကုတာကြောင့် ကျေးရွာကို အကျိုးပြုပေးတာ လည်း အများကြီး ရှိတယ်။ တောင်ပေါ်ဒေသမှာ ဆေးခန်းတွေက တော်တော်ရှားတယ်။ အရေးပေါ် ဖြစ်ပြီဆိုရင် သူတို့က ဆေးကု ပေးတာ ခွဲစိတ်ပေးတာ ကူညီပေးတာ ကိစ္စမျိုးတွေထိ သူတို့လုပ်ပေးတာ ရှိခဲ့တယ်”ဟုလည်း လွေးပိုးကမီခေး က ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေကြသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ TNLA တု့ိသည် တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများကြား နှစ်ဖက် စစ်သားများ အပြန်အလှန် ဖမ်းဆီးရမိကြသည်များ ရှိသည်။
တခါတရံ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ၎င်းတို့ ဖမ်းမိသည့် တဖက်စစ်သားကို ကြေညာပြီး ပြန်လွှတ် ပေးသည် များ ရှိသော်လည်း တပ်မတော်ဘက်က တဖက်စစ်သားများကို ဖမ်းမိပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတဆင့် ဖမ်းမိကြောင်း ကြေညာပြီး တရားစွဲဆိုကာ ထောင်ချခြင်းများ ပြုလုပ်လျက် ရှိသည်။
TNLA သည် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်း မရှိပေ။
တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး တဖက်တွင်လည်း အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်း လျက်ရှိ ကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အစည်း အဝေး သို့ TNLA ဒုဥက္ကဌ တတ်ရောက်ခဲ့ပြီး ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်များ လျှော့ချပေးရန် တောင်းဆို ဆွေးနွေး ထားသည်။
TNLA ဒုဥက္ကဌသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင် နိုင်ရန် ဆွေးနွေးထားသည်။