နေပြည်တော် လေဆိပ်တွင် လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှုရင်ဆိုင်နေရသည့်ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း ၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရားလွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့်အတွက် အမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ တရားခံများကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရန်ကုန်မှ စွပ်စွဲခံရသူ တရားခံ ၄ ဦးဖြစ်ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့က နပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း၊၎င်းမှာ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦးဖြစ်ကြောင်း၊ ယင်းသို့ စွပ်စွဲခံရသူ တရားခံ ၄ ဦးအနက် အမျိုးသမီးတဦးမှာ အာမခံ ရရှိထားသဖြင့် အမျိုးသား ၃ ဦးကို နေပြည်တော်
အချုပ်ထောင်တွင်ချုပ်နှောင်ထားကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ တာဝန်ရှိသူတဦးက သတင်းမီဒီယာများသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြောသည်။
ရန်ကုန်နှင့် နေပြည်တော်တွင် တရားစွဲဆိုခံထားရသော ဖြိုးကိုကိုတင့်ဆန်း အမှု ၂၀ ကျာ်အတွက်တရားလိုပြသက်သေ ၄၀၀ ကျာ်ကို စစ်ဆေးသွားမည်ဖြစ်သည်။
ပြန်ကြားရေး အရာရှိဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက “ရန်ကုန်မှ အမှုတွဲများကို တပေါင်းထဲ စစ်ဆေးရန် လွှဲပေးလိုက်တာက အမှုတွဲပေါင်း ၁၁ မှု နှင့်စွပ်စွဲခံရသူ တရားခံ ၄ ဦးတို့ ဖြစ်ပါတယ်” ဟု ဇွန်လ ၂၈ ရက်နေ့ကမီဒီယာများကို ပြောခဲ့ဖူးသည်။
ရန်ကုန်မှ နေပြည်တော်သို့ လွှဲပြောင်းပေးခံသူ ၄ ဦးအား စွဲဆိုထားသည့် အမှုများမှာ အရှေ့ပိုင်း ခရိုင်တရားရုံးမှစွဲဆိုထားသည့် နိုင်ငံတော် အစိုးရ လျို့ဝှက်အက်ဥပဒေ၊ မူးယစ်မှု ၂ မှု၊ ဆက်သွယ်ရေး ဥပဒေ ၊ လက်နက် ဥပဒေ ၂ မှုနှင့် သာကေတ ခရိုင်တရားရုံးတွင် လက်နက်မှု ၂ မှု၊ မူးယစ်ဆေးဝါးမှု ၊ ပို့ကုန် သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေအပါ ၁၁ မှုဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
ဇူလိုင် ၁၈ ရက်တွင် နေပြည်တော်ရှိ တရားစွဲဆိုထားသည့် ပုဒ်မ များအတွက် လိုပြသက်သေ ၂ ဦးကိုစစ်ဆေးပြီး၊ ယင်းစစ်ဆေးမှုတွင် ထူးခြားသည့် အကြောင်းအရာများပါရှိခြင်း မရှိပဲ ဖမ်းဆီးစဉ် အချိန်က တွေ့ရှိမှုများကိုသာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ အမှုအကြောင်းအရာ ဆက်စပ်နေတဲ့ အတွက် တခြား ပြည်နယ်နဲ့ တိုင်းမှာရောက်နေတဲ့ အမှုတွေကို ရုံးတရုံးထဲမှာ စစ်ဆေးဖို့ဆိုတာ တရားလွှတ်တော်ချုပ်ကပဲ စီမံ ခန့်ခွဲခွင့်ရှိတာပါ။ မြို့နယ် တခုနဲ့တခုဆိုရင် သူ့ အထက် ခရိုင်တရားရုံးက ပြောင်းပေးလို့ ရတယ်။
ပြည်နယ်နဲ့တိုင်းကျော်ရင် တရားလွှတ်တော်ချုပ်ကပဲ ပြောင်းပေးလို့ ရတယ်။ ဒါဟာ ဥပဒေနဲ့ ညီပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း ၊ ရဲမင်းဆွေ၊ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆံများ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက်အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊
စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်းတံဆိပ်စသည့် ပစ္စည်းများကိုတွေ့ရှိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်တုပ သုံးစွဲမှု ၊ ပို့ကုန်သွင်းကုန် ဥပဒေ ၊ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာ နိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းအမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ၆ လကျော် ကြာမြင့်သည့်အချိန်ထိ တရားလိုပြသက်သေများကိုသာ စစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။