နိုင်ငံရေးပြဿနာများအား အင်းအားသုံးဖြေရှင်းချင်စိတ်နှင့် ကြိုးပမ်းခြင်းသည် ပြည်သူလူထုအပေါ် မေတ္တာမထားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက သဘောထားကြေညာ ချက်ထုတ်ပြန်သည်။
ယနေ့ကျရောက်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် ထုတ်ပြန်လိုက်သည့် NLD ကြေညာချက်တွင် အထက်ပါအတိုင်းပြောဆိုထားခြင်းဖြစ်ပြီးတိုင်းရင်းသားပြည်သူလူထုအနေဖြင့်လည်း ၎င်းတို့အပေါ် မေတ္တာမထားနိုင်သူများအားပြန်လည်၍မေတ္တာထားနိုင်မည်မဟုတ်ကြောင်းလည်း ဆိုထားသည်။
NLD ရုံးချုပ်တွင်ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားတွင် သဘာပတိ ဦးဉာဏ်ဝင်းက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းဟာ ပြည်သူလူထုကို လမ်းမပေါ် ဆွဲခေါ် မထုတ်တာဖြစ်တယ်၊ မိမိပါတီ၊ မိမိအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေအဆင့်ပုဂ္ဂိုလ်များကို တိုက်ပွဲအတွင်းသို့
ပို့ဆောင်တာဖြစ်ပါတယ်” ဟု ပြောသည်။
အာဇာနည်ခေါင်းဆောင်များ၏ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသည့် အမူအကျင့်ကောင်းအား ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ယခုအချိန်ထိ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ထောင်နိုင်ရေးကို ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်းလည်း NLD ကဆိုထားသည်။
နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်လာသည့် ပြည်တွင်းစစ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်အကြား တဖက်တွင် စားပွဲဝိုင်းထိုင်ကာ ဆွေးနွေးရန်ကြိုးပမ်းနေကြသလို အင်အားသုံးသည့် လက်နက်ကိုင်တိုက်ပွဲများမှာလည်း ဆက်လက်ဖြစ်နေဆဲဖြစ်သည်။
အစိုးရအနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် NCA စာချုပ်ကို အကောင်အထည်ဖော်ကာ ၂၁ ရာစု ပင်လုံညီလာခံများ ကျင်းပနေသော်လည်း KIA၊ TNLA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် တတိယကြိမ်မြောက်ပင်လုံညီလာခံတွင် တပ်မတော်နှင့် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးများအား ဦးဆောင်ကျင်းပနေခြင်းသည် အင်အားချိနှဲ့နေ၍မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတိအလင်း ပြောကြားထားသည်။
လက်နက်ကိုင်တိုက်ပွဲများအကြား ဒေသခံတိုင်းရင်းသား ပြည်သူလူထု အနေဖြင့် စစ်ဘေးဒဏ်ကို များစွာခံစားခဲ့ကြရပြီး ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် ဒေသများတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများမှာ သိန်းချီ၍ ရှိနေဆဲလည်း ဖြစ်သည်။
လက်နက်ကိုင်နည်းလမ်းအနေဖြင့်လည်း နိုင်ငံတနိုင်ငံ၏ အနာဂတ်အတွက် ကောင်းကျိုးတစုံတရာမရှိနိုင်ကြောင်းကို နားလည်ခဲ့သည့်အတွက်လည်း တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းအား အသုံးပြုနိုင်ရန် ပင်လုံညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း NLD က ပြောထားသည်။