မွန်ပြည်နယ် အတွင်း တပ်မတော် သိမ်းထားသည့် တပ်စခန်း နေရာ ၂ ခုကို ပြန်ပေးရန် မွန်ပြည်သစ် ပါတီ (NMSP) က တောင်းဆိုထားသည် ဟု သတင်းရရှိသည်။
အဆိုပါ စခန်း ၂ ခုမှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အတွင်းရှိ ဇီးနှစ်ပင် စခန်းနှင့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် အတွင်းရှိ ဘုရားတောင်စခန်း တို့ဖြစ်ပြီး NMSP နှင့် အစိုးရ၊ တပ်မတော်တို့ ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့်၊ ပြည်ထောင် စု အဆင့် ပဏာမ သဘောတူညီချက် စာချုပ်များ ချုပ်ဆိုစဉ်ကတည်းက NMSP စခန်းများအဖြစ် နှစ်ဖက် အသိအမှတ် ပြု ထားသည့် နေရာများ ဖြစ်သည်။
NMSP ဒု ဥက္ကဋ္ဌ နိုင်ဟံသာက “သက်ဆိုင်ရာ တပ်ခေါင်းဆောင်တွေနဲ့တော့ ပြောနေတာပဲ။ မရသေး ဘူး။ သူတို့ကတော့ တခြားနေရာ ရွှေ့ခိုင်းတယ်။ အမျိုးမျိုးတော့ ပြောနေတာပဲ။ လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဇီးနှစ်ပင်စခန်းက အရင့်အရင် ကတည်းက Bilateral အဆင့်မှာ သဘောတူထားတဲ့ စခန်း” ဟု ပြောသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက မွန်အမျိုးသားနေ့ အတွက် NMSP က စစ်ရေးပြ အခမ်းအနားများကို ပြုလုပ်ခဲ့ခြင်းနှင့် ပတ် သက်၍ သံဖြူဇရပ်ရှိ ဇီးနှစ်ပင်စခန်း၊ ဘုရားသုံးဆူမြို့နယ်ရှိ ဘုရားတောင် စခန်းနှင့် NMSP အတွက် လုံခြုံရေး အရ အရေး ပါသည့် စခန်း တခုကိုလည်း တပ်မတော်က နောက်ဆုတ်ခိုင်းခဲ့သည်။
ထိုအချိန်က စစ်ရေး ဖိအားကြောင့် ဘုရားတောင် နှင့် ဇီးနှစ်ပင် စခန်း ၂ခုကို NMSP က ဆုတ်ခွာ ပေးခဲ့သည်ဟု နိုင်ဟံ သာ က ဆိုသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ချုပ်ဆိုပြီးနောက် NMSP က ၎င်းတို့စခန်း ၂ ခုကို ပြန်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
NMSP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က တပ်စခန်းနေရာ၂ ခု ပြန်ရရေး အတွက် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် မှ တပ်မတော် အရာရှိများ၊ မွန်ပြည်နယ်၊ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး တို့နှင့် ညှိနှိုင်းထားကြောင်း ၎င်းတို့က မြေပုံ အညွန်းများအရ တပ်စခန်းနေရာများမှာ မတိကျဟု ပြောဆိုကြောင်း ဆိုသည်။
၎င်းအပြင် အကြောင်းပြချက်တခုမှာ ထိုစခန်းနှစ်ခုသည် အများပြည်သူသွား လမ်းမကြီးများ အနီး၌ ရှိပြီး ပြည်သူလူထုကို အခွန်ကောက်နေသည်ဟူသည့် အချက်ကြောင့် ဖြစ်သည်ဟု တပ်မတော်ဘက် က ပြောပြီး နေရာ ပြန်ပေးမည်ဆိုပါက လည်း ယခင်နေရာ မဟုတ်ဘဲ အခြားနေရာ တနေရာတွင် ပြန်ပေး မည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။
နိုင်အောင်မငေးက “လမ်းမပေါ်မှာ ကျနော်တို့ ဟိုတုန်းက အခွန်ကောက်တာ။ အဲဒီဘက်ကိစ္စ နည်း နည်း အခက်အခဲတော့ ရှိနေတာပေါ့။ သူတို့ အခွန်ကောက်ပိုင်ခွင့် မရှိဘူး ဆိုတော့ ကျနော်တို့ကလည်း မကောက်တော့ပါဘူး ။ ဒါပေမယ့် Bilateral က တပ်တည်စခန်းနားမှာ ရဖို့ ညှိနှိုင်းနေတုန်းပါ။ အခုထိတော့ မပြေလည်သေးဘူးပေါ့။ ပြေလည်မယ့် အရိပ် အယောင်တော့ မြင်နေရတယ်” ဟု ပြောသည်။
နိုင်ဟံသာက NCA ထိုးပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပမီ လူထုနှင့် တွေ့ဆုံပွဲ များ ပြုလုပ် ရန် စီစဉ်ရာတွင်လည်း ကနဦးက လူဦးရေ ၃၀၀ အထိ တွေ့ဆုံနိုင်ကြောင်း သဘောတူညီမှုရခဲ့ပြီး တွေ့ဆုံပွဲနီးလာချိန်တွင် တပ်မတော်ဘက်မှ ၃၀ ဝန်းကျင်သာ တွေ့ဆုံရန် ပြောသဖြင့် မကျေမနပ် ဖြစ်ခဲ့ရသည်ဟုလည်း ဆိုသည်။
၎င်းက ဆက်လက်၍ “ကြားထဲမှာ အမျိုးမျိုး ကစားတာကို ကျနော်တို့ ခံလိုက်ရတယ်” ဟု ပြောသည်။
ထို့ပြင် NCA ထိုးပြီး နှစ်ဖက်တပ် ကိစ္စများ ညှိနှိုင်း ဆောင်ရွက်နိုင်ရေး အတွက် ပါဝင်ရမည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -ပြည်နယ် အဆင့် (JMC-S) တွင် လည်း NMSP ကို မွန်ပြည်နယ်ရှိ JMC-S တွင် သာ ပါဝင်ခွင့် ပေးသဖြင့် မပြေလည်သေးဘဲ ယနေ့ထိ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
NMSP သည် မွန်ပြည်နယ် အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင်လည်း တပ်စခန်းများ ရှိသဖြင့် ထိုပြည်နယ် နှင့် တိုင်းဆင့် JMC-S များတွင်လည်း ပါဝင်သော်လည်း ပါဝင်ခွင့် မရသေး ကြောင်း သိရသည်။
အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်၍ မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
JMC-U ၏ အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးက “အဲဒီကိစ္စတွေက Bilateral နဲ့ နှစ်ဖက်ခေါင်း ဆောင် အချင်းချင်း ဆွေး နွေးရမယ့် ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ NCA ရေးထိုးပြီးတဲ့ နောက်ပိုင်း ဖြစ်ပျက်မှုတွေကိုပဲ ကြည့်တာပါ။ ဒါက Bilateral အရ ညှိနှိုင်း ဖြေရှင်းရမှာပါ” ဟု ပြောသည်။
NMSP သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က အစိုးရ၊ တပ်မတော်တို့နှင့် NCA စာချုပ်တွင် လက်မှတ်ထိုးထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ အစည်းအဝေးများနှင့် NCA ထိုးပြီးနောက် ကျင်းပလျက် ရှိသည့် နိုင်ငံရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်ရေး ဆွေးနွေးမှုများတွင် ပါဝင်လျက်ရှိသည်။
ဇွန်လ ၂၃ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ NMSP ၏ ပိန္နဲတော- ကနာလို စခန်းတခုကို တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့က အင်အားဖြင့် ဝင်ရောက် သိမ်းဆည်းရာ NMSP မှ ဖယ်ပေးခဲ့ရသည်။
NMSP သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူ (Bilateral ) စာချုပ်များကို လက်မှတ်ရေးထိုးထားပြီး ထိုစာချုပ်များ အရ မွန်ပြည်နယ်တွင် တပ်စခန်း ၁၂ နေရာ၊ ကရင်ပြည်နယ်တွင် တပ်စခန်း ၅ နေရာတို့ကို NMSP ၏ နေရာများ အဖြစ် အတည်ပြု သတ်မှတ်ပေးထားသည်။
လက်ရှိတွင် ပြန်ပေးရန် တောင်းထားသည့် ဘုရားတောင်စခန်း၊ ဇီးနှစ်ပင်စခန်းနှင့် NCA ထိုးပြီးနောက် သိမ်းဆည်းခံထား ရသည့် ပိန္နဲတော-ကနာလို စခန်းတို့မှာ Bilateral စာချုပ် အရ သဘောတူထားသည့် စခန်း နေရာများလည်း ဖြစ်သည်။