မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် မြစ်ရေ မြင့်တက်လာမှုကြောင့် တနင်္သာရီမြို့၌ ရေဘေးသင့်သူ ဦးရေ ၁၇၀၀ ကျော်ရှိနေပြီး စာသင်ကျောင်း ၆၂ ကျောင်းလည်း ပိတ်ထားရကြောင်း သတင်းရရှိသည်။
ဒေသခံ ဖြစ်သည့် တနင်္သာရီ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း က “မြို့တဝက် လောက်ကတော့ ရေမြုပ်နေပြီး တော့ တနင်္သာရီ တမြို့နယ်လုံးမှာ ရွာတော်တော်များများ ရေမြုပ် နေကြတယ်။ ရေဘေးသင့်သူတွေက ဘုန်းကြီးကျောင်း၊ မြို့တော်ခန်းမနဲ့ နောက်ပြီးတော့ ကုန်းမြင့်တဲ့ ဆွေမျိုးအိမ်တွေမှာ လိုက်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုများကြောင့် တနင်္သာရီ မြို့နယ်၌ ရေဘေးသင့်သူ ဦးရေ ၁၇၀၇ ဦးနှင့် အိမ်ခြေ စုစုပေါင်း ၃၂၀ ရှိကြောင်း သိရသည်။
တနင်္သာရီ မြစ်၏ အန္တရာယ်ရှိ ရေအမှတ်သည် ၂၄ ပေ ဖြစ်ပြီး ယနေ့ ရောက်ရှိနေသည့် ရေအမှတ်မှာ ၂၆ ပေ အထိ ရေ တက်နေကြောင်းနှင့် တနင်္သာရီမြို့ပေါ်ရှိ ရပ်ကွက် အချို့လမ်းများပေါ်၌ ရေတက်မှုမှာ ၇ ပေခန့်ထိ ရောက်ရှိနေပြီ ဖြစ် ကြောင်း ဦးသန်းစိုးဝင်း က ပြောသည်။
ထို့သို့ ရေဝင်ရောက်မှုကြောင့် တနင်္သာရီမြို့ပေါ် ချောင်းကြီး ရပ်ကွက်ရှိ တိုးချဲ့ (၁၊ ၂၊ ၃၊ ၄၊ ၅) လမ်း၊ ရွှေလိပ်ပြာ လမ်းမ၊ ရှင်မအောင်သာ၊ ကျန်းမာရေးလမ်း၊ ဘောလုံးကွင်းလမ်းနှင့် ချောင်းငယ် ရပ်ကွက်ရှိ မွန်စုလမ်း၊ သီတာလမ်း၊ တပ်ဦးလမ်း၊ သာသနာ့ ရိပ်သာလမ်း အစရှိသည့် လမ်းမများပေါ်သို့ ရေများ ဖြတ်ကျော်နေကြောင်း ဒေသခံများကလည်း ပြောပြသည်။
ဇူလိုင် ၁၅ ရက်မှ စတင်ကာ တနင်္သာရီမြို့ပေါ် ရပ်ကွက် ၂ ခုရှိ လမ်းအချို့ ရေဝင်ရောက်လျက် ရှိပြီး ယင်းမြို့နယ် အတွင်းရှိ ကျေးရွာ ၂၅ ရွာ ရေကြီးနစ်မြုပ်လျက် ရှိကြောင်း သိရသည်။
တနင်္သာရီမြို့မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က “ကျနော်တို့ ရေဘေး ကယ်ဆယ်ရေးတွေ လုပ်နေပါပြီ။ တချို့ရွာတွေဆီကို သွားနေပါပြီ။ ကယ်ဆယ်ရေး ပစ္စည်းအကုန်လုံး ပါပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တနင်္သာရီမြို့ပေါ်၌ ဒေသခံများ ရွှေ့ပြောင်း နေထိုင်လျက်ရှိသည့် ကယ်ဆယ်ရေး စခန်း ၄ ခုရှိပြီး ထိုစခန်းများတွင် ဌာန အနေဖြင့် ပံ့ပိုး ကူညီမှုများ ပြုလုပ်လျက်ရှိကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။