ရန်ကုန်မြို့တွင် နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ခွဲစိတ်မှုများ သီးသန့်ကုသနိုင်ရန် နှလုံးနှင့် ဦးနှောက်အာရုံကြော အထူးကုဆေးရုံတရုံ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ၈ ဒသမ ၆၆ ဘီလီယံ (ဒေါ်လာ ၇၆ ဒသမ ၆ သန်း) ထောက်ပံ့သည်။
ယင်းထောက်ပံ့မှု ပေးအပ်သည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရေးအေဂျင်စီ (JICA) က ယနေ့ သောကြာနေ့၌ တရားဝင် အခမ်းအနားတရပ် ကျင်းပပြီး အထူးကုဆေးရုံသစ် စီမံကိန်းကို စတင် သွားမည့်အကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
အထပ် ၇ ထပ်ပါဝင်မည့် အဆိုပါဆေးရုံသစ်ကို ရန်ကုန်မြို့လယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီး အနီးတွင် တည်ရှိမည်ဖြစ်သည်။
“ယခုစီမံကိန်းကို မြန်မာနိုင်ငံရှိ ဦးနှောက်နှင့် နှလုံးသွေးကြောဆိုင်ရာ ဝေဒနာရှင်များအတွက် ပြင်ပ လူနာနှင့် အတွင်းလူနာများကို ပိုမိုထိရောက်စွာ ကုသပေးနိုင်ရန်နှင့် ခွဲစိတ်ခြင်း၊ ကုသခြင်းတို့အတွက် စောင့်ဆိုင်းရချိန် လျှော့ချနိုင်ရန် လူနာဗဟိုပြု ဆေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုဌာနဖြစ်နိုင်စေရန် ဖန်တီး တည်ဆောက် သွားမည်ဖြစ်ကြောင်း” JICA က ကြေညာချက်တစောင်တွင် ဆိုထားသည်။
ဆေးရုံတည်ဆောက်ရာတွင် သင်ကြားရေး အထောက်အကူများနှင့် ရန်ကုန်ဆေးရုံကြီးမှ ဌာန ၄ ခုဖြစ်သည့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှု၊ ဦးနှောက်နှင့်အာရုံကြော ရောဂါဗေဒ၊ နှလုံးခွဲစိတ်ဌာနနှင့် နှလုံးရောဂါဗေဒ ဌာနတို့ကို ပြန်လည်ထားရှိမည်ဖြစ်သည်။
လိုအပ်သော ဆေးဝါးကိရိယာများ ထပ်မံဖြည့်ဆည်းပေးရန်အတွက် မြန်မာအစိုးရတွင် တာဝန်ရှိမည်ဖြစ်ကြောင်း ကြေညာချက်က ထပ်လောင်းဖော်ပြသည်။
အဆိုပါ ဆေးရုံအဆောက်အအုံ ဒီဇိုင်းကို ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ငှားရမ်းထားသော အတိုင်ပင်ခံ တဦးက လတ်တလော ရေးဆွဲလျက်ရှိသည်။ ဆေးရုံဆောက်လုပ်ရေးကို လာမည့် ဖေဖော်ဝါရီလတွင် စတင်နိုင်မည်ဟု မျှော်လင့်ထားသည်။