King Cat ရေတားဆေးကုမ္ဗဏီ ပိုင်ရှင် ဦးခင်မောင်ထွေးအား လယ်မြေပေါင်နှံမှု ငွေကြေးကိစ္စများ ကြောင့် ကျပ်သိန်း ၁၅၀ ဖြင့် လူသတ်သမား ငှား၍ တွံတေး-လှိုင်သာယာ ကားလမ်းဘေး၌ သတ်ဖြတ် မှု ကျူးလွန်သူ ၄ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။
ဦးခင်မောင်ထွေးမှာ လယ်မြေများ အပေါင်ခံခြင်း၊ ဝယ်ယူခြင်း ပြုလုပ်ရာ မြေအမည်ပေါက် ပြောင်းရန် မောင်မောင်အေး ဆိုသူနှင့် ဖုန်းဖြင့် ချိန်းဆို၍ ပြီးခဲ့သည့် အင်္ဂါနေ့ ညနေပိုင်းက အခင်းဖြစ်ပွားနေရာသို့ ကားဖြင့် သွားရောက်ခဲ့ကြောင်း၊ မောင်မောင်အေးမှ မျိုးလွင်၊ အသေးလေး တို့နှင့်အတူ အထက်တမာ တကော တိုးလ်ဂိတ်အနီး စောင့်ဆိုင်း၍ ဦးခင်မောင်ထွေး ရောက်လာစဉ် အသေးလေးအား မြေစာရင်း ဝန်ထမ်းဟု ဆိုကာ ကားပေါ်သို့ တင်ပေးပြီး သတ်ဖြတ်စေခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
တရားလိုဖြစ်သူ ဦးစန်းဝင်းမှ လိုက်လံရှာဖွေရာ လှိုင်သာယာ-တွံတေးကားလမ်း ၁၆ မိုင် ၅ ဖာလုံ အနီးတွင် ယာဉ် ပေါ်၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးခင်မောင်ထွေးကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ခလောက်ချိုက်နယ်မြေရဲစခန်းမှ (ပ) ၈၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ခလောက်ချိုင့်နယ်မြေရဲစခန်း တာဝန်ရှိရဲအရာရှိတဦးက “ဒီဖြစ်စဉ်က ဒေါသကြောင့်မဟုတ်ဘူး၊ လောဘဇောတွေကြောင့် ဖြစ်တာပါ”ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
မောင်မောင်အေးသည် လူသတ်မှု ကျူးလွန်သူ အသေးလေး(ခ) တိုးအောင်ကို ကြည်မြင်တိုင်မြို့နယ် စက္ကလေးရပ်ကွက်၊ စက်ဆန်းအုပ်စုနေ အောင်အောင်(ခ) ဘကြီးအောင်၏ ဆက်သွယ်ဖြင့် ငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးခင်မောင်ထွေးနှင့် အသေးလေးတို့ ကားမောင်းထွက်သွားစဉ် မောင်မောင်အေး မှ ဆိုင်ကယ်ဖြင့်နောက်မှ လိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာ အရောက် အသေးလေးမှ ဓားဖြင့် ထိုးပြီး ဦးခင်မောင်ထွေး၏ တယ်လီဖုန်းနှင့် ကားသော့ကို မောင်မောင်အေးက ဆိပ်ကြီးခနောင်တို ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။
မောင်မောင်အေးနှင့် မျိုးလွင်တို့သည် ဦးခင်မောင်ထွေး၏ လယ်မြေများ အပေါင်ခံခြင်း၊ ရောင်းဝယ် ခြင်းများတွင် ပွဲစားအဖြစ် ဆောင်ရွက်ပြီး ငွေများပိုယူခြင်း၊ အတိုးရရှိငွေများအား သုံးစွဲထားရာမှ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိတော့၍ ယခုကဲ့သို့ သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူသတ်မှုနှင့်ပတ်သက်ပြီး မောင်မောင်အေး(ခ) မောင်အေးအား ဇူလိုင် ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိပြီး နောက် ၎င်း၏ ဖော်ထုတ်ချက်များအရ ကျန်သုံးဦးကို ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ခလောက်ချိုင့် ရဲစခန်း တာဝန်ရှိသူက “ သူတို့ရဲ့ ထွက်ဆိုချက်တွေအရ တခြားပတ်သက်သူတွေ ရှိမရှိ စိစစ်နေဆဲပဲ၊ အခု တော့ ၄ ယောက်ကို ဖမ်းဆီးမိထားပြီ၊ တရားစွဲတင်နိုင်တဲ့အခါ အသေးစိတ်ပြောပြ လို့ရမှာပါ”ဟု အမှုအခြေအနေကို ရှင်း ပြသည်။
သတ်ဖြတ်မှု ကျူးလွန်သူ တိုးအောင်(ခ) အသေးလေးမှာ ၂၀၀၂ ခုနှစ်က တာမွေ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ် များအတွင်း ခိုးမှု ၁၁ မှုဖြင့် ထောင်ဒဏ် ၃၇ နှစ်ချမှတ်ခံရကာ ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူရာဘာထုတ် လုပ်ရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။
အလားတူ အမှု၌ ပါဝင်သူ အောင်အောင်(ခ) ဘကြီးအောင်သည် ၁၉၈၆ ခုနှစ်တွင် ဆိပ်ကမ်းမြို့နယ် အတွင်း လုယက်မှုဖြင့် ထောင် ၃ နှစ်ကျခံဖူးပြီး ၁၉၉၉ ခုနှစ်တွင် ဘုရင့်နောင်မြစ်ကူးတံတား အောက်၌ သင်္ဘောတစီးအား လုယက်မှုနှင့် အခြားအမှု ၃ မှုတို့ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရကာ ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ကင်းသာရဲဘက်စခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။