ဖွံ့ဖြိုးမှု နောက်ကျသော တိုင်းရင်းသား ဒေသများ၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ တိုင်း ရင်းသား လုပ်ငန်းရှင်များ အသင်း(MEEA) နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဇူလိုင် ၂၀ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ MEEA အသင်း စတင် မိတ်ဆက်ခြင်း အခမ်းနားကို ပြုလုပ်ခဲ့သည်။
MEEA အသင်း အတွင်းရေးမှူး ဦးမင်းဗညားစံက “အဓိကတော့ ကျနော်တို့ တိုင်းရင်းသား ဒေသမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း တွေကို ဝန်ကြီးဌာနတွေ၊ လုပ်ငန်းရှင်ရော လက်နက်ကိုင်တွေရော ဘယ်လိုမျိုး ပူးပေါင်း လုပ်ဆောင်မလဲ ဆိုတာ ပါ။ တိုင်းရင်းသား ဒေသတွေမှာ စီးပွားရေး ဖွံ့ဖြိုးအောင် ဆွေးနွေးသွားမယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “စီးပွားရေး ဆိုတာ တဦးတယောက်တည်း လက်ဝါးကြီး အုပ်လို့ မရပါဘူး။ အသင်းအနေနဲ့ တတ်နိုင် သလောက် ဝိုင်းကူပေးမှာ ဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေကို တော်တော်များများ ခေါ်ထား ပါတယ်။ ကျနော်တို့ အနေနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်သွားရင်တော့ ကောင်းပါတယ်” ဟုလည်း ပြောဆိုသည်။
နိုင်ငံ၏ စီးပွားရေး ကောင်းမွန်ပါက ငြိမ်းချမ်းရေးသည်လည်း အဆင်ပြေသွားနိုင်မည်ဟု ယူဆထားသောကြောင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးမင်းဗညားစံ က ရှင်းပြသည်။
“စားဝတ်နေရေးက အရေးကြီးတယ်။ ငြိမ်းချမ်းရေးကို အထောက်အကူ ပြုမယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ၎င်းကဆို သည်။
အဆိုပါ MEEA အသင်းအနေနှင့် ဆက်လက် လုပ်ဆောင်မည့် အချက်မှာ တိုင်းရင်းသားများ ပါဝင်သော အများပိုင် ကုမ္ပဏီ ထောင်ပြီး တိုင်းရင်းသား ဒေသများ၌ လိုအပ်သော ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် တိုင်းရင်း သား အများစု တည်ထောင်သည့် ဘဏ်လုပ်ငန်း အစရှိသည့် လုပ်ငန်း ၄ ခုကို ရည်ရွယ်ချက်ထား၍ စတင် အကောင် အထည် ဖော်မည် ဖြစ်ကြောင်း သိရသည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက“ကျနော်တို့ ကိုယ့်ရဲ့ ဘဝတူ တိုင်းရင်းသား ညီ နောင် တွေကြားမှာ စီးပွားရေး ဆိုင်ရာ လုပ်ငန်းရပ်တွေကို လက်တွဲပြီးတော့ လုပ်တာရယ် နောက်တခါ ကျနော်တို့ တိုင်းပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အောင်မြင်စေရေး အတွက် အဓိကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု စာချုပ် (NCA) လက်မှတ်ထိုးတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “လက်မှတ်ထိုးတဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ ဖြစ် တယ်။ ဒီမှာ လုပ်ငန်းစဉ် ၃ ရပ်ရှိတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ် နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက်ရာမှာ တိုင်းရင်းသားတွေရဲ့ အခန်း ကဏ္ဍ အလိုက် လုပ်ဆောင်ဖို့ ဖြစ်တယ်” ဟု ပြောသည်။
ယင်း လုပ်ငန်းစဉ်များ အောင်မြင်ရန် အတွက် ကျရာ အခန်းကဏ္ဍကို အမျိုးသားရေး အလိုက် စုစုစည်းစည်း လုပ်ကိုင်ရန် လိုအပ်ပြီး MEEA အသင်းသို့လည်း လက်နက်ကိုင် အဖွဲ့များ ဝင်ခြင်း၊ မဝင်ခြင်း ဆိုသည်ထက် အပြန်အလှန် ကျားကန်ပြီး အားယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဦးခွန်မြင့်ထွန်းက ဆက်လက် ပြောဆိုသည်။
“အခု ဆောင်ရွက်နေတာက ကျနော်တို့နဲ့ ဆက်စပ်ရာ ဒေသတွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်အောင် ပြင်ဆင်နေပါ တယ်။ ဒါကြောင့်မို့ တဖက်မှာလည်း ရေရှည်အတွက် နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ တည်ဆောက်နေသလို တဖက်ကလည်း ပဲ ကျနော်တို့ရဲ့ ဒေသမှာရှိတဲ့ လူထုတွေရဲ့ စီးပွားရေးရော ရပ်တည် ရှင်သန်ရေးရော ဒါတွေကိုတော့ အပြန်အလှန် တပြိုင် နက်တည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ MEEA အသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စီးပွားရေး လုပ် ငန်းရှင်များနှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့မှ တိုင်းရင်းသား ဒေသများ၌ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးကပ်ခင်းပေါင် က “မြန်မာနိုင်ငံက အစစအရာရာမှာ နောက်ကျနေတဲ့အတွက် ကျနော့် အထင်ကတော့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကို ဘယ်အဖွဲ့ အစည်းမဆို လုပ်ပိုင်ခွင့်ရှိတယ်။ ဘယ်သူမှ ကန်ထရိုက်ဆွဲတာ မရှိဘူးဆိုတော့ အဖွဲ့အစည်း အသစ် ပေါ်တာ ကောင်း တယ်။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အသင်းအဖွဲ့ပေါ်လာခြင်း အားဖြင့် တဖက်တလမ်းကနေ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုး တက်အောင် ကူညီပေးနိုင်မှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ်၏ ဒေသထွက်ကုန်အနေနှင့် စပျစ်သီးကိုလည်း City Mart များတွင် ပြသရောင်းချသွားရန် ရှိပြီး ဒေသ ဖွံ့ဖြိုး တိုးတက်ရန် အတွက် အခြေခံ အဆောက်အအုံများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ယခုအချိန်တွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အနေနှင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိသောကြောင့် အစိုးရနှင့် လုပ်ငန်းများ ပူးပေါင်း၍ ကြိုးစားနေသည်ဟုလည်း ပြောကြားသည်။
ဇူလိုင် ၂၀ ရက်မှ စတင် မိတ်ဆက်လိုက်သည့် MEEA အသင်းသည် မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း လူမျိုးစု ၈ ခုနှင့် ယင်းတို့ အောက် တွင် ရှိသော တိုင်းရင်းသားများနှင့် စုပေါင်း ဖွဲ့စည်းထားသဖြင့် လုပ်ငန်း ရှင် များ အနေနှင့် တောင်းဆိုလိုသော အချက်များကို အသင်းကတဆင့် ပြောဆိုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။