မြန်မာ့နိုင်ငံရှိ ပျောက်ကွယ်လုနီး ဖြစ်နေသော ဒြဗ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ကာ ယူနက်စကိုအဆင့် အမည်စာရင်း သွင်းနိုင်ရန် ဆောင်ရွက်မည်ဟု မန္တလေးတိုင်း ဒြဗ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီ ဥက္ကဌ ဦးမြတ်သူက ယမန်နေ့ မန္တလေးတိုင်းအစိုးရ ရုံး၌ ပြုလုပ်သော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာလတို/ရှည် ထိန်းသိမ်း စောင့် ရှောက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
၎င်းက “ဒြဗ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ လက်ဆုပ်လက်ကိုင်လဲပြမရဘူး။ မွေးကတည်းက သိလာတဲ့ ဓလေ့ထုံးတမ်းလည်း ဖြစ်ရမယ်။ ဒါကို ဥပဒေနဲ့ ပြဌာန်းထားတာ မဟုတ်သလို နည်းပညာ တွေနဲ့ သတ်မှတ်ထားတာလည်း မဟုတ်တာကို ဆိုလိုတယ်လို့ အကြမ်းဖျင်းပြောလို့ရနိုင်မယ်” ဟု ပြောသည်။
ဒြဗ်မဲ့ ယဉ်ကျေးမှုဆိုသည်မှာ ရှင်သန်နေသော အမွေအနှစ်တခု ဖြစ်ပြီး ဘိုးဘွားအစဉ်အဆက် ဆောင် ရွက် လာခဲ့ပြီး လက်ဆင့်ကမ်းမှု ရှိနေသည့် အရာဟု အဓိပ္ပါယ်ဖွင့်ဆိုရာ လူမှုရေး အစဉ်အလာ အလေ့ အထများ၊ ဖျော်ဖြေမှု အနုပညာများ၊ ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ၊ ရိုးရာ လက်မှု ပညာရပ်များနှင့် သဘာဝ၊ စကြာဝဠာ ဆိုင်ရာ ဗဟုသုတ၊ ရိုးရာအစဉ်အလာ အလေ့အထများ အကျုံး ဝင်ကြောင်း ၎င်းကော်မတီမှ သိရသည်။
ဖော်ထုတ်ရခြင်းရည်ရွယ်ချက်မှာ လူတစ်ဦးချင်း၊ လူမျိုးတခုချင်းနှင့် အဖွဲ့အစည်း တခုချင်း အလိုက် တည်ရှိနေသော ဒြဗ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ကွယ်သွားအောင် ကာကွယ် စောင့်ရှောက် နိုင်ရန်ဖြစ်ကြောင်း ဆို သည်။
ကော်မတီဥက္ကဌဦးမြတ်သူက “ဥပမာဆိုရင် ကျနော်သားနဲ့သမီးဆို ကျနော်ကို အဖေလို့မခေါ်ဘူး။ ပါးပါးလို့ ခေါ်ကြတယ်။ ကျနော် ဝန်ထမ်းဘဝနဲ့ နယ်မှာ တာဝန်ကျတော့ တရုတ်တွေနဲ့ နေခဲ့ရလို့ ကလေးတွေက အဲဒီအခေါ်အဝေါ်ကို နားယဉ်ပါးပြီး ကျနော်ကို အဲဒီလိုခေါ်ကြတာ။ ခုထိလဲ ခေါ်နေ တုန်းပဲ။ ကျနော်တို့က မြန်မာစစ်စစ်တွေဖြစ်ပြီး အဲဒီလို အခေါ်ခံရ တော့ စိတ်ထဲတမျိုးခံစားရတယ်။” ဟု ပြောသည်။
၂၀၁၇ အောက်တိုဘာလက မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တိုးတက်မြှင့်တင် ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ အဖြစ် တာဝန်ယူကာ သက်ဆိုင် ရာ တိုင်း/ပြည်နယ်အဆင့်ကော်မတီများကိုလည်း ထပ်မံဖွဲ့စည်း ခဲ့သည်။
ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ဌာနမှုး ဒေါ်တင်တင်ဝင်းက “ကိုယ့်ယဉ်ကျေး မှု အမွေအနှစ် ဆိုတာ ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်မှ ရမယ်လေ။ အဲဒီအတွက် အရေးကြီးတာ ကတော့ ဒီလို အမွေအနှစ် တွေ ရှိတယ်ဆိုတာ အများပြည်သူသိအောင် များများချပြပြီး အသိပညာတွေ ပေးဖို့လိုပါတယ်။ အဲဒီအတွက် ဘတ်ဂျက် ဆိုတာ သိပ်မလိုပါဘူး။ လူထု နားလည် သဘောပေါက် ဖို့က အဓိကပါပဲ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ မန္တလေးတိုင်း ဒြဗ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီက ကောက်ယူ စာရင်း ပြုစုထား သည့် ဒြဗ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပေါင်း ၇၅ မျိုးခန့်ရှိပြီး ယခုလကုန်တွင် ကျင်းပ မည့် အမျိုးသား အဆင့်ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ကော်မတီအတွင်း ရေးမှုး ဒေါ်စိုးစိုးဝင်းက ပြောသည်။
အဆိုပါစာရင်းတွင် မန္တလေးမြို့၏ အထင်ကရများ ဖြစ်သော မြို့မတူရိယအသင်း၊ မာဃလုင်ဗြော၊ တောင်ပြုံးပွဲ၊ ကျောက်ဆည်ဆင်ပွဲ၊ အိုးပုတ်ပွဲ၊ လှေဦးတိုက်ပွဲ၊ ဆံရစ်ဝိုင်းဆင်ယင်ထုံးဖွဲ့မှု၊ ကျောက်ဆစ် လုပ်ငန်း၊ ရွှေဆိုင်း၊ ကြေး သွန်းလုပ်ငန်း၊ ပုန်းရည်ကြီးလုပ်ငန်း၊ သပိတ်လုပ်ငန်း အစရှိသည်တို့ ပါရှိကြောင်း သိရသည်။
၎င်းတို့အနက်မှ ယူနက်စကို စာရင်း တင်သွင်းနိုင်သည့် အဆင့်၊ အမျိုးသားအဆင့်၊ ပြည်နယ်/တိုင်း အဆင့်တို့ သတ်မှတ် ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ထိုအတွက် တိုင်းအတွင်းရှိ ရှေးဟောင်း၊ သမိုင်း၊ မြန်မာစာပေ၊ ဗိသုကာ စသည့်နယ်ပယ်အသီးသီးများက ပညာရှင်များပါ ပူးပေါင်းပါဝင်ပေးရန်လိုအပ် ကြောင်း ကော်မတီဥက္ကဌဦးမြတ်သူက ပြောသည်။
Intangible Cultural Heritage ဒြဗ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် (ICH)ဆိုသည်မှာ ထိတွေ့ ကိုင်တွယ်၍ မရပဲ၊ စိတ်ဖြင့် ခံစားနားလည်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ ပွဲတော်၊ အက၊ဂီတ၊ ရိုးရာ ဓလေ့ထုံးစံများ၊ အတွေး အခေါ် ၊ လက်မှုပညာ တိုင်းရင်းသား အသီးသီး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ လူမှုဆက်ဆံရေးစနစ်၊ အတွေးအခေါ် အယူအဆ၊ ယုံကြည်ကိုးကွယ်မှု၊ အသက်မွေးဝမ်း ကျောင်းမှု၊ ရိုးရာဓ လေ့ထုံးင်္စများနှင့်လက်မှုပညာ၊ အနုသုခုမပညာ၊ ၁၂ လရာသီပွဲတော်များနှင့်၊ တိုင်းရင်းသား ရိုးရာပွဲတော် များ ပါဝင်သည်။