ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့တွင် ပါဝင်သူ ထိုင်း သံအမတ်ကြီးဟောင်းတဦးဖြစ်သူ ကော့ပ်ဆက် ချူတီကူလ် သည် ယင်းအကြံပေး အဖွဲ့မှ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“သူ နုတ်ထွက်သွားတာ ဟုတ်တယ်။ မနေ့ကလည်း သူတို့ ကော်မတီဝင် အချင်းချင်း တွေ့ဆုံညှိနှိုင်းတာကို အဆင်မပြေကြဘူးလို့ ကြားသိရတယ်။ အချင်းချင်းကို မကြေလည်ကြတဲ့ သဘောပဲ”ဟု ယင်းအဖွဲ့နှင့် နီးစပ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြော သည်။
၎င်းနုတ်ထွက်ခြင်းကိစ္စ ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်တွင် ၎င်းတို့၏ အကြံပေး အဖွဲ့သည် လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင် ရွက်ခွင့် မရှိကြောင်း၊ ဖွဲ့စည်းခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း အောင်မြင်မှု မရှိသေးကြောင်း၊ မြန်မာ အစိုးရသည် ၎င်းတို့အဖွဲ့အား နိုင်ငံတကာ အကူအညီ ရယူခွင့် မပြုသလို ရုံးခန်းပင် အတည်တကျ ဖွင့်ခွင့် မပေး၍ ဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။
“ကောင်းပြီ၊ သူတို့ ဘာတွေလုပ်ကြသလဲ။ နေပြည်တော်မှာ ညစာ အပျံစား စားမယ်။ ဟိုလုပ်၊ ဒီလုပ်မယ်။ ပြန်မယ်၊ နောက်တခါ ထပ်လာမယ်။ အခု အန္တရာယ် ရှိလာတာက အလုပ်တွေ ဖြစ်ခဲ့တယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေတာပဲ၊ ပြဿနာကို အာရုံစိုက်မှု လမ်းလွှဲအောင် လုပ်နေတာပဲ”ဟု ကော့ပ်ဆက် ချူတီကူလ် က ပြောဆိုကြောင်း ရိုက်တာသတင်းက ရေးသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ယင်းကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာ ဆူရာကီးယတ် ဆတ်ထီယာထိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ ဦးဝင်းမြင့်အား နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လာရောက်တွေ့ဆုံခဲ့သလို ကော်မတီဝင် ၁၀ ဦး လိုက်ပါလာခဲ့ကြောင်း တွေ့ရသည်။
ဒါပေမယ့် ယခုတခေါက် မြန်မာပြည် ခရီးစဉ်တွင် ထိုင်းသံအမတ်ဟောင်း ကော့ပ်ဆက် ချူတီကူလ် ကို မတွေ့ရဘဲ ရိုက်တာ သတင်းရဲ့ ဖော်ပြ ချက်အရ ၎င်းဟာ ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ဇူလိုင်လ ၂၀ ရက်နေ့မှ လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ကော့ပ်ဆက် ချူတီကူလ် နုတ်ထွက်ခြင်းသည် ရခိုင် အကြံပေးအဖွဲ့မှ ဒုတိယမြောက် နုတ်ထွက်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ယင်း အကြံပေးအဖွဲ့တွင် ပါဝင်သူ အမေရိကန် သံတမန်ဟောင်း ဘီလ်ရစ်ချစ်ဆင်သည်လည်း နေပြည်တော်တွင် မြန်မာ ခေါင်းဆောင် များနှင့် တွေ့ဆုံမှုအပြီး ယင်းအကြံပေး အဖွဲ့မှ နုတ်ထွက်ခဲ့သေးသည်။
၎င်း နုတ်ထွက်ရသည့် အဓိက အကြောင်းအရင်းမှာ မြန်မာနိုင်ငံတွင် အဖမ်းခံထားရသည့် ရိုက်တာ သတင်းထောက် ၂ ဦး ကိစ္စကို ဆွေးနွေးစဉ် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တားဆီးခဲ့၍ ဖြစ်ကြောင်း သတင်းရင်းမြစ်များက အတည်ပြုပေးခဲ့သည်။
မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် ၎င်းကိုယ်တိုင် တစိုက်မတ်မတ် ထောက်ခံခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ မီဒီယာ၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲများ အပေါ် နိုင်ငံတကာအပေါ် အလေးမထားသည့် စိတ်အပေါ် အံ့သြတုန်လှုပ်မိကြောင်း ကန်သံတမန်ဟောင်း ဘီလ်ရစ်ချင်ဆန်က ထုတ်ပြန်ခဲ့သည်။