ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖမ်းဆီးခံ အမျိုးသမီးဆေးမှူး ၆ ဦး သတ်ဖြတ်ခံရကြောင်း တအန်း အမျိုးသား လွတ်မြောက်ရေးတပ်(TNLA) ထုတ်ပြန်ခဲ့သည့်သတင်းကို တပ်မတော်က ငြင်းပယ် လိုက်သည်။
TNLA ဘက်မှ သတင်းထုတ်ပြန်ခဲ့ရာတွင် ဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းက နမ့်ခမ်းမြို့နယ်၌ ဖြစ်ပွား သည့် TNLA တပ်သားတဦး သေဆုံးခဲ့သော ထိတွေ့မှုတခုတွင် တပ်မတော်က အဆိုပါအမျိုးသမီး များကို လက်ရဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က လက်ရဖမ်းမိသည့် အမျိုးသမီး ဆေးမှူးများကို သတ်ဖြတ်ခြင်းသည် စစ်သုံ့ပန်း ဥပဒေ ချိုးဖောက်ခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် စုံစမ်းစစ်ဆေး အရေးယူ ဖော်ထုတ်ပေးရန် တောင်းဆိုထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး၏ ဇူလိုင်လ ၁၉ရက် ထုတ်ပြန်ချက်၌ နမ်းခမ်းမြို့နယ်အတွင်းရှိ တပ်မတော် စစ်ကြောင်းသည် သတင်းအရ နယ်မြေရှင်းလင်းရာ ဇူလိုင်လ ၁၁ရက်နေ့ နေ့လည် ၁နာရီ ၃၀ မိနစ်ခန့်တွင် မန်ဝန်းကျေးရွာ အုပ်စု အွယ်လောရွာ အရှေ့တောင်ဘက်တွင် TNLA တပ်အင်အား ၃၀ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ပြောက်ကျား ယူနီ ဖောင်းဝတ် အမျိုးသား အလောင်း ၃လောင်း၊ ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသမီး အလောင်း ၅လောင်း၊ အမ်-၂၂ အမျိုးအစား သေနတ် ၂ လက်၊ အမ်-၂၁ အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ကျည် ၁၃၂ တောင့်၊ အီကွေ့မင့် ၈ စုံနှင့် တရုတ်လက်ပစ်ဗုံး ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ရုပ်အလောင်းများကို စနစ်တကျ ကောင်း မွန်စွာ မြေမြှုပ်သြင်္ဂိုလ်ပေးခဲ့ကြောင်း ဆိုသည်။
TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က တပ်မတော်၏ ဖော်ပြချက်မှာ လွဲမှားနေကြောင်း သောကြာနေ့က ဧရာဝတီ သို့ ပြောသည်။
“သူတို့ပြောတာက အမျိုးသမီး ၅ ဦး၊ ဒါပေမယ့် ကျနော်တို့ဘက်က အသတ်ခံရတဲ့ အမျိုးသမီးဆေးမှူး က ၆ ဦးပါ” ဟု ၎င်းကပြောသည်။
ထို့အပြင် တပ်မတော်က ပြောက်ကျား ယူနီ ဖောင်းဝတ် အမျိုးသား အလောင်း ၃လောင်း ဟုဆိုသော် လည်း အမျိုးသားတဦးတည်းသာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ အားလုံးမှာ တိုက်ပွဲဖြစ်ပွား စဉ် သေဆုံးသည်ဆိုသော တပ်မတော်က ထုတ်ပြန်သည့်သတင်းကို ငြင်းပယ်ပြီး၊ အမျိုးသမီး ၆ ဦးမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က တုံ့ပြန်ပြောဆို သည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်၏အဆိုအရ TNLA တပ်ဖွဲ့ဝင်များသည် မန်းဝမ်ကျေးရွာသို့ ခရီးထွက်ခွာနေစဉ် တပ်မ ၈၈ လက် အောက်ခံ ခြေမြန်တပ်ရင်း ၃၀၁ က ဒုတိယကားကို ချုံခိုတိုက်ခဲ့ကြကြောင်း၊ TNLA တပ်ဖွဲ့ဝင်တဦးမှာ ဒဏ်ရာများဖြင့် လွတ်မြောက်သွားပြီး ဆေးမှူးများကို တပ်မတော်က ဖမ်းဆီးသွား ကြောင်း ၎င်းက နောက်ပိုင်းတွင် သတင်းပို့သည်ဟု သိရသည်။
ယမန်နေ့က TNLA မှ သီးခြားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ ဆေးမှူး ၆ ဦးမှာ ဖမ်းဆီးထိန်း သိမ်းခံရပြီး သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း ထပ်လောင်းအတည်ပြုထားပြီး၊ ယင်းအမျိုးသမီးများ သည် သတ္တုတွင်း ကုမ္ပဏီဝန်ထမ်းအတူ ခရီးသွား နေရင်း ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ ထုတ်ပြန်ချက်ပါ နမ့်ခမ်းမြို့နယ်တွင် အလုပ်လုပ်နေသော သတ္တုတွင်းဝန်ထမ်း အရပ်သား ၂ ဦးမှာ တိုက်ပွဲကြောင့် ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့ကားနှင့် လိုက်ပါစီးနင်းရန် TNLA တပ်ဖွဲ့ဝင်များက စေခိုင်းခဲ့ကြောင်း ဆိုသည်ကို ငြင်းထားသည်။
ထို့အပြင် အမျိုးသမီးတဦးမှာ ထွက်ပြေးရန်ကြိုးစားစဉ် ခြေထောက်တွင် ကျည်မှန်၍ အခြားသူများ နှင့်အတူ ဖမ်းဆီးခံလိုက် ရပြီး၊ TNLA အမျိုးသားတပ်ဖွဲ့ဝင်တဦးမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ ကြောင်း၊ အခြားဒုတိယအမျိုးသား တဦးမှာ ဒဏ်ရာရ သော်လည်း ထွက်ပြေးပြီး၊ ဆေးမှူး ၆ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွား သည်ဟု သတင်းပို့ခဲ့ကြောင်း၊ ခြေမြန်တပ်ရင်း ၃၀၁ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယင်း ကျေးရွာတွင် နှစ်ည နေခဲ့ကြောင်း၊ ဒေသခံရွာသားများက အမျိုးသမီးများ၏ရုပ်အလောင်းများကို ဇူလိုင်လ ၁၄ ရက်တွင် ရွာအနီးရှိ မြောင်းထဲတွင် တွေ့ခဲ့ရကြောင်း သိရသည်။
TNLA အမျိုးသမီးဆေးမှူး ၆ ဦးသတ်ဖြတ်ခြင်းသည် စစ်အကျဉ်းသားအပေါ် မြန်မာစစ်တပ်၏ အပြုအမူသည် နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။ ယင်းဆေးမှူး ၆ ဦးမှာ အဆိုပါမြို့နယ်အတွင်းရှိ တအန်းတိုင်းရင်း သားများကို ဆေးဝါးကုသမှုပေးနေသူများဟု ဖော်ပြသည်။
ယင်းသေဆုံးမှုများအတွက် စုံစမ်းစစ်ဆေးပေးရန်နှင့် တာဝန်သိသိဖြင့် အရေးယူပေးရန် မြန်မာ တပ်မတော်မှ ထိပ်ပိုင်း ခေါင်းဆောင်များကို ဗိုလ်မှူးမိုင်အိုက်ကျော်က တောင်းဆိုပြီး အမျိုးသမီး ၂ ဦးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများ ရရှိထားပြီး အခြား ၄ ဦးမှာ ရိုက်နှက်ထိုးကြိတ် ခံထားရ သည့်လက္ခဏာများတွေ့ရကြောင်း သူက ပြောသည်။
“မြန်မာစစ်တပ်က ဆေးမှူး ၆ ယောက်ကို မသတ်သင့်ပါဘူးဗျာ။ သူတို့က စစ်အကျဉ်းသားဖြစ်နေပြီပဲ။ ဒီဆေးမှူးတွေကို သတ်ဖြတ်တာဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်တာပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဆေးမှူး စစ်သမီး ၆ ဦး အသတ်ခံရမှု ဖော်ထုတ် အရေးယူ ပေးစေလိုဟု TNLA ပြော
ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် လဝီဝမ်၏ Tatmadaw Denies Killing 6 Female TNLA Medics in Captivity ကို ဘာသာပြန်ဆိုသည်။