ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ဒေသခံ တောင်သူလယ်သမားများ မြေယာနှင့်သယံဇာတ ဆိုသည့် ခေါင်းစီးဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲကို ဒေသအာဏာပိုင်များက ဥပဒေနှင့် မညီဟု လာရောက် ပြောဆိုသည့် အတွက် ပွဲစဉ် ဖျက်သိမ်းခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲကို အမ်းမြို့နယ် ရွှေအမ်းတောင်ခန်းမ၌ ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးမည့် သူများ အပါအဝင် ဒေသခံတောင်သူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူ ကိုစိုးသိန်းက ပြောသည်။
“ကျနော်တို့ ဆွေးနွေးပွဲ စနေတုန်းမှာပဲ မြို့နယ်မှူးက ဖုန်းဆက်လာတယ်၊ ငြိမ်းစုစီမှာ တင်တဲ့ အချက် ထက်ပိုနေတယ်၊ ဒါကြောင့် လုပ်လို့မရဘူး၊ လုပ်တယ်ဆိုရင် ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တွေကလည်း အသင့်စောင့်နေပါတယ် ဆိုပြီး ပြောလာပါတယ်၊ သူပြောတာ နားမရှင်းလို့ အပြင်ထွက်ကြည့်တော့ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ ရောက်နေတယ်၊ သူတို့ကလည်း အဲဒီလိုပဲ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံး၌ ငြိမ်း/စုစီ ဥပဒေနှင့် အညီ ခွင့်ပြုချက်တောင်း၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ခွင့်ပြုချက် တင်စဉ်က ဆွေးနွေး ဟောပြောမည်သူ ၃ ဦးသာ တင်ပြခဲ့သော်လည်း နောက် ထပ် ၂ ဦးကိုပါ ခေါင်းစဉ် ၂ ခုဖြင့် ဟောပြော ဆွေးနွေးမည့် အစီအစဉ်တွင် ပါဝင်နေ၍ ငြိမ်း/ စုစီ ဥပဒေ မကိုက်ညီ၍ သွားရောက်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အမ်းမြို့ နယ် စခန်းမှူးက ပြောသည်။
“သူတို့ ငြိမ်းစုစီ တင်တဲ့အခါ ၃ ယောက် ဟောပြော ဆွေးနွေးပါမယ် ဆိုပြီး တင်တယ်။ အဲဒါကိုလည်း သက်ဆိုင်ရာက ခွင့် ပြုပေးထားပါပြီ၊ သူတို့ အာဂျင်ဒါထဲမှာ မပါတဲ့ လူ ၂ ယောက်ကို ဟောမယ်ဆို ပြီးပါ နေတယ်၊ သူတို့ကိုယ်တိုင်လည်း အဲဒီ ၂ ယောက် ဟောမယ် ဆိုပြီးတော့ ပြောတယ်။ ဒါဟာ ဥပဒေနဲ့ မညီတာကြောင့် ဥပဒေကြောင်း သိအောင်လို့ လာပြီး ရှင်းပြတာပါ၊ ဟန့်တားတာလည်း မဟုတ်ပါဘူး၊ ပိတ်ပင်တာလည်း မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၁ ရက်တာ ကျင်းပသည့် မြေယာနှင့်သယံဇာတ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ယင်းသို့ သက်ဆိုင် ရာက ဥပဒေနှင့် မညီကြောင်း လာရောက် ပြောဆိုမှုကြောင့် နံနက် ၁၁ နာရီအချိန် တွင် ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။
လျှောက်ထားစဉ်က ဆွေးနွေးမည့်သူ စာရင်းထဲတွင် မပါဝင်ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့က လာရောက် ပြောဆိုသည့် လူ ၂ ဦးမှာ ကျောက်ဖြူမြို့နယ်မှ မြေယာနှင့် သယံဇာတအရေး လှုပ်ရှားသူ ကိုထွန်း ကြည်နှင့် အမ်းမြို့နယ်မှ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာသည့် တောင်သူများ အရေးလှုပ်ရှားသူ ကိုမျိုးလွင်တို့ ဖြစ် ကြောင်း သိရသည်။
“ပွဲကို စတဲ့အခါမှာ မြေယာသယံဇာနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တယောက်ပေါ်လာတယ်။ ဓာတ်ငွေ့ ပိုင်းလိုင်း ကိစ္စနဲ့ ပတ် သက်လို့ ဆွေးနွေးဖို့ နောက်တယောက် ပေါ်လာတယ်၊ ကျနော်တို့ သိထားတာ က ဒီပွဲဟာ စီတန်းလှည့်လည်ပွဲလည်း မဟုတ်ဘူး၊ ဆွေးနွေးတဲ့ ပွဲပါ၊ အဲဒါကို ကျနော်တို့ လာရောက် ပြောဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း ပြန်ပြီး ဆွေးနွေးကြည့်ပါသေးတယ်၊ ဒီပွဲကိုရောက်တဲ့ လူတိုင်းဟာ မည်သူမဆို ဆွေးနွေးလို့ ရတယ်၊ ဒါပေမဲ့ သူတို့ကအချက်၂ ချက်ပို နေတယ်၊ ဒီလိုပုံစံမျိုး လုပ်လုပ်လို့ မရဘူး။ ငြိမ်းစု/စီနဲ့ ငြိနေတယ် ပြောတော့ ကျနော်တို့လည်း စိတ်မကောင်းစွာနဲ့ ပွဲကို ဖျက်သိမ်း လိုက်ရပါတယ်” ဟု ပွဲစီစဉ်သူ ကိုစိုးသိန်းကဆက်လက်ပြောကြားသည်။
ပွဲစဉ်ဖျက်သိမ်းမှုကြောင့် ဆွေးနွေးခွင့်မရရှိခဲ့သူ ကိုထွန်းကြည်ကတော့ နိုင်ငံသား တဦး၏ အခွင့်အရေး ဆုံးရှုံးခံခဲ့ရကြောင်း ပြောကြားသည်။
“ဒီနေ့ ကျနော်တို့ ဆွေးနွေးခွင့်မရရှိခဲ့ဘူး၊ အစည်းအဝေး ပျက်သွားအောင်အထိ ကန့်သတ်ချုပ်ချယ်မှု တွေ လုပ်တယ် ဆိုတာတွေကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ကျနော်တို့ ရခိုင်ပြည်မှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ အခြေအနေပဲ လို့ ပြောချင်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေနံနှင့်သဘဝဓါတ်ငွေ့ ပိုင်းလိုင်းစီမံကိန်း လယ်ယာ မြေလျော် ကြေးပြဿာနာနှင့် ပတ်သက်၍ တရုတ် CNPC နှင့် MOGE ကို သင်္ချိုင်း ၄ ခုတွင် ကျိန်စာ တိုက်ခဲ့သော ခေါင်းဆောင် ၄ ဦးကို ဒေသအာဏာ ပိုင်များက ဧပြီလ ၁၉ ရက်နေ့က ငြိမ်းစု/စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်။