ကျိုက်ထီးရိုးတောင်ပေါ်တွင် လွန်ခဲ့သည့် နှစ် ၃၀ ခန့်ကတည်းက ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်များစွာရှိနေရာ တရားမဝင် ကျူးကျော်ဆောက်လုပ်သည့် အဆောက်အဦ များ ထပ်မံ မတိုးပွားလာစေရန် ဆောက်လုပ်ရေးကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်များ တက်ရောက်ခြင်းကို မွန်ပြည်နယ် ဝန်ကြီးချုပ်က ခေတ္တပိတ်ခိုင်းထားကြောင်း ကင်မွန်းစခန်းအုပ်ချုပ်ရေးမှူး ဦးမင်းညွှန့်က ပြောသည်။
“ကုန်ဆိုတာကလည်း အခြားတော့ မဟုတ်ပါဘူး၊ သစ်တို့၊ ဘိလပ်မြေတို့၊ သွပ်တို့၊ စက်ယန္တရားတွေ၊ အဓိက ထိန်းချုပ်တာ ကလေ ကျူးကျော်တဲတွေ ဆောက်လုပ်မှာစိုးလို့”ဟု ၎င်းက ဆိုသည်။
ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ အတွင်းရေးမှူး ကိုမျိုးနိုင်ကလည်း “ကျနော်တို့ ယာဉ်လိုင်းမှာတော့ လူစီးယာဉ်ပဲရှိတယ်၊ ကုန်တင်ယာဉ်ကတော့ သူ့ဟိုတယ်နဲ့သက်ဆိုင်တဲ့ ဟိုတယ်မှာ ပစ္စည်းတိုက်တဲ့ကားရှိတယ်၊ ပစ္စည်းတိုက်တဲ့ကားက သူ့လုပ်ငန်းတိုက်ရင် သူဟာသူ တိုက်ကြတာပေါ့၊ အဲဒီဟာကို ဝန်ကြီးချုပ်က ပိတ်ထားပါတယ်၊ သူတားထားဆိုတော့ တားထားရတာပေါ့”ဟု ပြောသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းကို ဖုန်းဖြင့် ညွှန်ကြားခဲ့သဖြင့် ဇူလိုင် ၁၈ ရက်၌ ဆောက်လုပ်ရေး ကုန်ပစ္စည်းယာဉ်များကို တားမြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းညွှန်ကြားချက်စာသည် ဇူလိုင် ၂၀ ရက်နေ့ ယင်းမော်တော်ယာဉ်အသင်းထံ ရောက်ရှိမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ယခုရက်ပိုင်း မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ကျိုက်ထီးရိုး တောင်တက်လမ်း၌ မြေပြိုမှု အန္တရာယ် မရှိစေရန် အလေးချိန်များသည့် ကုန်ယာဉ်များတက်ခြင်းကို ခေတ္တယာယီ တားမြစ်ရခြင်းဖြစ်ပြီး ရာသီဥတု ကောင်းမွန်လာပါက ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။