လူမျိုူးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခု ဖြစ်သည့် UNDP ၊ UNHCR တို့၏ အကူအညီဖြင့် စံပြကျေးရွာ ၃၀ ခန့်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စတင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက “အကောင်အထည်ဖော်ရေးအတွက် Working Group လုပ်ငန်းကော်မတီ ဖွဲ့တယ်။ အခု ကျေးရွာ ၃၀ လောက်မှာ Pilot Project အနေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ သဟာဇာတ ဖြစ်ရေး လုပ်ငန်းတွေ၊ သူတို့ရဲ့ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ စတင်ပြီးတော့မှ ဆောင်ရွက်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
မွတ်ဆလင် ဘာသာ ကိုးကွယ်သည့် ကျေးရွာများ၊ တိုင်းရင်းသားများ၊ ဟိန္ဒူများ နေထိုင်သည့် ကျေးရွာများ၊ ၂ ဖက် အသိုင်းအဝိုင်း နီးစပ် သည့် ကျေးရွားများတွင် ညီညွှတ်မျှတမှုရှိရှိ သဟဇာတရှိရှိ ဖွံ့ဖြိုးတိုးတက်လာစေရန် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းဒေသများ တွင် တဖက်နှင့်တဖက် ယုံကြည်မှု တိုးတက်လာမှသာ တဖက်နိုင်ငံမှလူများ ပြန်လည် လက်ခံနိုင်ရေး၊ ပြန်လည် ရောက်ရှိလာနိုင်ရေး စီစဉ်ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
မကြာမီ ရက်ပိုင်းအတွင်း ရခိုင်အရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဝန်ကြီးတဦး ရောက်ရှိလာရန်လည်း ရှိပြီး ၎င်း၏ ခရီးစဉ်အတွင်း ရခိုင်မြောက်ပိုင်းသို့ လိုက်လံပြသ၍ ပြန်လည် လက်ခံရေးစခန်းတွင် ၂ နိုင်ငံ လက်မှတ်ရေးထိုးထားသည့် MOU အတိုင်း ဆက်လက် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူကလည်း “အခု အစည်းအဝေးမှာ Work Plan တခု ရေးဆွဲပြီးတော့ အသေး စိတ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ UNDP ၊ UNHCR နဲ့ပါ။ ကျနော်တို့ MOU ထဲမှာ ပါတဲ့ Guide Line အတိုင်းပဲ။ ပြန်လည် လက်ခံရေးနဲ့ နေရာချထားရေး ဘယ်လို ဆက်ဆောင်ရွက်မလဲဆိုတာ အသေးစိတ် ဆွေးနွေးပါမယ်။ ကျနော်တို့ စံပြ ကျေးရွာတွေ သတ်မှတ်ပြီးတော့ ရွာတွေမှာ သူတို့ UNDP နဲ့ UNHCR က ပရောဂျက်တွေ စပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် UNDP၊ UNHCR တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာ အစိုးရကြား ဇူလိုင်လ ၁၈ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ကျေးရွာ ၃၁ အုပ်စုအောက်ရှိ ကျေးရွာများတွင် Assessment ပြုလုပ်သွားနိုင်ရန် လုပ်ငန်းအဖွဲ့အနေဖြင့် ဦးစားပေး ဆောင် ရွက်မည့် ကျေးရွာအုပ်စုများ သတ်မှတ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းခဲ့ကြသည်ဟု သတင်းရရှိသည်။
ကုလကိုယ်စားလှယ်များ ပါဝင်သည့် လုပ်ငန်းအဖွဲ့သည် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ကနဦး သွားရောက်လေ့လာမည် ဖြစ်သည်။
ကုလနှင့် မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာအရ အဆိုပြုလုပ်ငန်း အစီအစဉ်နှင့်အညီ ၃ လနှင့် ၆ လ အစီအမံများ ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရပြီး ယင်းစာချွန်လွှာမှာ ပြီးခဲ့သည့်လက ရိုက်တာ သတင်းဌာနသို့ ပေါက်ကြားခဲ့၍ ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သေးသည်။
“ပေါက်ကြားသွားတဲ့ ကိစ္စကတော့ MOU ထိုးကတည်းက Confidential အဆင့် ၂ ဖက်စလုံးက လေးစားလိုက်နာဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ ဒါကတော့ တဖက်ဖက်ကနေ သတင်းပေါက်ကြားသွားတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက် ကွန်မန့်ပေးစရာလည်း မလိုပါဘူး။ ကျနေ်ာတို့ဘက်က ပေါက်ကြားတာလည်း မဟုတ်ပါဘူး”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်သူက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန် လာသူ မရှိသေးကြောင်း သိရသည်။