သတင်း

မန္တလေးဈေးချိုကို ဓာတုဆေးကင်းစင်နယ်မြေအဖြစ် သတ်မှတ်မည်

Want create site? Find Free WordPress Themes and plugins.

အထက်မြန်မာပြည် ကုန်စည်စီးဆင်းမှု အချက်အခြာဈေးဖြစ်သည့် မန္တလေးမြို့ ဈေးချိုတော်အား ဓာတုဆိုးဆေးကင်းစင် နယ်မြေအဖြစ် ဇူလိုင် ၂၅ ရက်မှ စတင်ကာ သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရသည်။

မန္တလေးဈေးချိုးတော်အား ခွင့်မပြုဆိုးဆေးကင်းစင်နယ်မြေအဖြစ် အသိအမှတ်ပြုပေးနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ၂၀၁၆ ခုနှစ် မတ်လမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဓာတုဆေးကင်းစင်နယ်မြေအဖြစ် သတ်မှတ်ပေးနိုင်မှုသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဟု သိရသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ သက်ဆိုင်ရာဝန်ကြီးဌာနပေါင်းပြီး ခွင့်မပြုဓာတုဆေးများ ကင်းစင်နယ်မြေအဖြစ် ကြေညာမှာ ဖြစ်တယ်၊ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပထမဆုံးလုပ်ဆောင်ပေးနိုင်တာလည်းဖြစ်တယ်၊ ဈေးချိုတော်ဧရိယာက ဆိုင်တွေမှာ ဆိုးဆေးကင်းစင်တယ်ဆိုတာကို အာမခံပေးနိုင်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာန(FDA)မှ ဒေါက်တာကျော်ကျော်က ပြောသည်။

မန္တလေးဈေးချိုးတော်အား ခွင့်မပြုဆိုးဆေးကင်းစင်နယ်မြေအဖြစ် အသိအမှတ်ပြုပေးနိုင်ရေးအတွက် ဈေးချိုတော်အတွင်း ရောင်းချလျက်ရှိသော ငါးပိ၊ လက်ဖက်၊ ငရုတ်သီးမှုန့်၊ မျှစ်၊ ပဲကြီးလှော်၊အရောင်တင်မှုန့်၊ဆေးကုလားမ၊ ဆေးနီမှုန့်၊ ဂျလေဘီစသည့် ကုန်ပစ္စည်း ၂၅ မျိုးတွင် ခွင့်မပြုဓာတုဆေးများ ပါဝင်ခြင်း ရှိ၊ မရှိစစ်ဆေးနိုင်ရန် ပူးပေါင်းအဖွဲ့များဖြင့် ကွင်း ဆင်းစစ်ဆေးနမူနာကောက်ယူ၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်ကတည်းက ဈေးချိုတော်ရှိ ငါးပိ၊ လက်ဖက်၊ ငရုတ်သီးမှုန့်၊ မျှစ်နှင့် ပဲကြီးလှော် စသည့်ဆိုင်များကို ရှောင်တခင် စစ်ဆေးခြင်းများပြုလုပ် စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ခွင့်မပြုဆိုးဆေးလုံးဝ မတွေ့ရတော့သည့်အတွက် ဆိုးဆေးကင်းစင်ကြောင်း အသိအမှတ်ပြုကတ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

“ဈေးတွေအားလုံးမှာရောင်းချနေတဲ့အစားအသောက်တွေကို ဘေးအန္တရာယ်ကင်းရှင်တဲ့ အစားအသောက်တွေဖြစ်ဖို့ ရည်မှန်းချက်ရှိပါတယ်၊ အဲဒီရည်မှန်းချက်နဲ့အညီ FDA နဲ့တွဲပြီး လုပ်ဆောင်ခဲ့တာပါ၊ ဈေးချိုတော်မှာ ရောင်းချနေတဲ့ကုန်ပစ္စည်းတွေကို နမူနာကောက်ယူပြီး ၃ ကြိမ်အထိ စစ်ဆေးတဲ့အခါမှာ ဓာတုဗေဒဆိုးဆေး ကင်းစင်တဲ့ ဆိုင် ၁၂၄ ဆိုင်ကို အသိအမှတ်ပြုကတ်တွေကို ထုတ်ပေးခဲ့တယ်၊ အခုဆိုရင် ဈေးချိုတော်ကြီးမှာ ခွင့်မပြုဆိုးဆေးရာနှုန်းပြည့် ကင်းစင်နေတာကြောင့် ခွင့်မပြုဆိုးဆေးကင်းစင်နယ်မြေအဖြစ်ကြေညာပေးသွားမှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

အဆိုပါကဲ့သို့ စစ်ဆေးရာတွင် ၂၀၁၆ ခုနှစ်အတွင်းက ခွင့်မပြုဓာတုဆေးတွေ့ရှိရမှုမှာ ၂၈ ဒသမ ၅၄ ရာခိုင်နှုန်းတွေ့ရှိခဲ့ပြီး ၂၀၁၇ခုနှစ်တွင် ၁၅ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

“ရှောင်တခင်သုံးကြိမ်ဝင်စစ်တဲ့အခါမှာ ဆိုးဆေးသုံးစွဲမှုမရှိတာတွေ့ရှိရလို့ အသိအမှတ်ပြုကတ်များ ထုတ်ပေးခဲ့ပါတယ်၊ အခုလိုပေးအပ်နိုင်ဖို့လုပ်ဆောင်လာတာ ၂ နှစ်လောက်ရှိပြီ၊ မြို့တော်စည်ပင်နဲ့ FDA ပေါင်းပြီး ကျန်တဲ့ဈေးတွေကိုလည်း စစ်ဆေး မှုတွေလုပ်ဆောင်သွားမယ်၊ သုံးကြိမ်စစ်ဆေးလို့ မတွေ့ရဘူးဆိုရင် အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးသွားမယ်”ဟု ဒေါက်တာကျော်ကျော်က ဆက်လက် ပြောသည်။

ခွင့်မပြုဓာတုဆိုဆေးများ သုံးစွဲမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ရာ ခွင့် မပြုဓာတုဆိုဆေးသုံးစွဲခြင်းကို ပထမအကြိမ်စစ်ဆေးတွေ့ရှိလျှင် သတိပေးခြင်း၊ ဒုတိယအကြိမ်ဆိုလျှင် ဒဏ်ရိုက်ခြင်း၊ တတိယအကြိမ်တွေ့ရှိလျှင် ဆိုင်ပိတ်သိမ်းအရေးယူမှုအပြင် တရားမမှုအဖြစ် တရားစွဲဆိုခြင်းများပြုလုပ်ကြောင်း သိရ သည်။

“ကျမတို့က မိဘတွေထက်ထက်ကတည်းက ဈေးချိုးတော်မှာ ငါးပိ၊ငါးခြောက်ရောင်းလာတာပါ၊ ၁၃နှစ်ကျော်ပါပြီ၊ အခုလို ခွင့်မပြုဆိုးဆေးကင်းစင်ဆိုင်အသိအမှတ်ပြုကတ်ပြားတွေရရှိတဲ့အတွက် ဈေးဝယ်သူတွေအနေ နဲ့ ကျမတို့အပေါ်မှာ ယုံကြည်မှုတွေ ပိုရရှိလာမယ်လို့ယုံကြည်ပါတယ်”ဟု ခွင့်မပြုဆိုးဆေးကင်းစင်ဆိုင် အသိအမှတ်ပြု လက်မှတ်ရငါးပိ၊ငါးခြောက်ဆိုင်ရှင်တဦးက ပြောသည်။

ထိုကဲ့သို့အရေးယူဆောင်ရွက်မှုအနေဖြင့် ပထမအကြိမ်အဖြစ် ခွင့်မပြုဓာတုဆိုးဆေးပါဝင်သော အစားအသောက်များ ရောင်းချသည့် ဈေးသည် ၁၅၆ ဦးအား ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခြင်း၊ ဒုတိယအကြိမ်စစ်ဆေးတွေ့ရှိသည့် ဈေးသည် ၄ ဦးအား ကျပ် ၅ သောင်းနှုန်း ဒဏ်ငွေတပ်ရိုက်ခြင်း၊ တတိယအကြိမ်စစ်ဆေးတွေ့ရှိသည့် ဈေးသည် ၁၃ ဦးအား ဆိုင်ခန်း ၁ လယာယီပိတ်သိမ်းစေခြင်းဖြင့် အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“FDA ဆိုတာက စားသောက်ကုန်တွေ၊ အလှကုန်တွေကို ဓာတုဆေး သုံးထားတယ်၊ သုံးစွဲမှုမရှိဘူးဆိုတာပဲ ပြောလို့ရ တယ်၊ အရေးယူလို့ မရပါဘူး၊ ဒါကြောင့် အခြားဌာနဆိုင်ရာတွေကို ပူးပေါင်းပါဝင်ဖို့ လိုပါတယ်၊ ဈေးချိုတော်ကို ခွင့်မပြုဆိုးဆေးကင်းစင်နယ်မြေလို့ ကြေညာပြီးရင်လည်း ရှောင်တခင်စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာကျော်ကျော်က ဆက်လက်ပြောသည်။

မန္တလေးဈေးချိုတော်သည် အထက်မြန်မာပြည်တွင် အကြီးမားဆုံးသော ဈေးတခုဖြစ်ကာ နယ်ပယ်ပေါင်းစုံမှ လာရောက် ရောင်းဝယ်မှုပြုလုပ်သောနေရာဖြစ်ခြင်း၊ ဓာတုဆိုးဆေးကင်းစင် နယ်မြေအဖြစ်ကြေငြာပြီးနောက် ပြယုဂ်တခုအနေဖြင့် ထားရှိကာ ကျန်ရှိသောဈေးများ၊ အစားအသောက်ရောင်းချသည့်နေရာများကိုလည်း ခွင့်မပြုဆိုးဆေးကင်းစင်နယ်မြေ သတ်မှတ်နိုင်ရေးနှင့် ဆိုးဆေးကင်းစင်ကြောင်း အသိအမှတ်ပြုကတ်များထုတ်ပေးနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

“ဓာတုဆိုးဆေး ပါ၊ မပါ စားသောက်ကုန်တွေကို စစ်ဆေးမှု လာလုပ်ပါတယ်၊ ကျမတို့အနေနဲ့ကလည်း သူတို့မသုံးနဲ့ဆိုရင် မရောင်းချရုံပါပဲ၊ အဓိကခက်နေတာက လက္ကားရောင်းချတဲ့သူတွေက အသုံးပြုထားရင် လက်လီပြန်ရောင်းရတဲ့သူတွေက ဘယ်လိုလုပ်မလဲပေါ့နော်၊ အဲဒါတွေကိုလည်း သေချာဖော်ထုတ်အရေးယူသင့်ပါတယ်” ဟု ဈေးချိုတော်အတွင်း ငါးပိ၊ ငါး ခြောက်နှင့် ကုန်ခြောက်များရောင်းချသည့် ဒေါ်ခင်လေးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ဘေးကင်းလုံခြုံသော အစားအသောက်များရောင်းချသည့် တိုင်းတစ် တိုင်းဖြစ်ရန် ရည်မှန်းထားပြီး မန္တလေးဈေးချိုတော်အပြင် မန္တလးမြို့ပေါ်ရှိ လက်လီ၊လက်ကားဈေးများကိုလည်း ခွင့်မပြု ဆိုးဆေးကင်းစင်ဆိုင် အသိအမှတ်ပြုကဒ်များ ထုတ်ပေးနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ခွင့်မပြုဆိုးဆေးကင်းစင်နယ်မြေအဖြစ် သတ်မှတ်မှုများ လုပ်ဆောင်ခြင်းအပြင် အခြားသော အိမ်နီးချင်းနိုင်ငံများကဲ့သို့ နေ့စဉ်စားသောက်နေရသည့် အစားအသောက်များ၌ အဟာရမဖြစ်သော စားသောက်ကုန်များ၊ အန္တရာယ်ရှိနိုင်သည်များကို ပညာပေးဟောပြောပွဲများပြုလုပ်၍ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့နေရာတစ်ခုတည်းသာ သတ်မှတ်ကြေ ညာပြီး အခြားနေရာများတွင် ဓာတုဆေးဝါးများပါဝင်နေသည့် စားသောက်ကုန်များကို ရောင်းချနေလျှင် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်မှုရှိစေရန်အတွက် ဈေးချိုတော်ကဲ့သို့ စီမံချက်တခု ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်ဟု Myanmar Consumer Educationမှတာဝန်ရှိသူတဦးက သုံးသပ်ပြောပြ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading