ရှမ်းပြည်တောင်ပိုင်းမှ မြန်မာတပ်မတော်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့စစ်များသည် မိုင်းကိုင်မြို့ တောင်ဖက်ရှိ လွိုင်လင်မြို့နယ်မှ ရှမ်းအရပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း -SHRF က ပြောသည်။
စွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် လွန်ခဲ့သော နှစ်ပတ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS တို့အကြားတိုက်ပွဲများ မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက် ကာလများတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း -SHRF က ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကြေညာချက်၏ အဆိုအရ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် ၄၃၀ သည် ဒေသခံ ပြည်သူ့စစ်များနှင့် အတူ လွိုင်လင်မြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ဒေသခံများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – RCSS/SSA-South နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု သိရသည်။
ဇွန်လ ၈ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အတွင်း တပ်မတော်သားများသည် ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေကြကာ ကျေးရွာလူကြီးများအပါအဝင် ရွာသားများကို ရိုက်နှက်ခဲ့ကြပြီး ရှမ်းတပ်များကို ကူညီသူ မည်သူမဆိုကို ထောင် အနှစ် ၂၀ ချမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု SHRF က ဖော်ပြသည်။
ဇူလိုင်လ ၈ ရက်နေ့က တောင်ကြီးရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၄၃၀ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး အောင်မင်းထွန်းနှင့် တပ်သားများသည် လွိုင်လင်ရှိ လွိုင်ကိုင်ရွာသူကြီး စိုင်းဆုနန်တ ၏ အိမ်ကို ရှာဖွေစဉ် အထက်ပါအတိုင်းခြိမ်းခြောက်ခဲ့သည်ဟု SHRF ကဖေါ်ပြသည်။
အမှတ် ၅၇၆ ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်သည်လည်း ဇူလိုင်လ ၁၁ ရက်နေ့က မိုင်းကိုင်ရှိ ဟမ်းငိုင်းကျေးရွာ အုပ်စုမှ ဝမ်နမ့်အွတ်ကျေးရွာသားများ မွေးမြူထားသည့် ကျွဲ နွား တိရစ္ဆာန်များကို လုယက်ခိုးယူခဲ့သည်ကို လည်း SHRF က မှတ်တမ်းတင်ထားသည်။ ထိုသို့လုယက်ခံရသော မွေးမြူရေးတိရစ္ဆာန်များသည် ကျပ်ငွေ ၃၅ သိန်းဖိုးရှိသည်ဟု လည်း ဖော်ထြားသည်။ အမှတ် ၅၇၆ ခြေမြန်တပ်ရင်းသည် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံဖြစ်ပြီး မိုးနဲမြို့နယ်ရှိ ကျိုင်းတောင်းတွင် အခြေစိုက်သည်။
လွန်ခဲ့သော တလခန့်ကလည်း အမှတ် ၄၃၀ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး သောင်းလင်းထွဋ်နှင့်အဖွဲ့သည် အနည်းဆုံး ဒေသခံ ၇ ဦးတို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု SHRF ကဖော်ပြသည်။ တပ်မတော်တပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၇ ရက်နေ့က အသက် ၅၀ အရွယ် ဝမ်မူဆေး ကျေးရွာအကြီးအကဲ လုန်းသောင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေသည်။ ဒေသခံများ ငါးဖမ်းရာတွင် အသုံးပြုသည့် ဒိုင်းနမိုက်များကို တွေ့ရှိသောအခါ RCSS/SSA အတွက် တပ်သားသစ်များ စုဆောင်းပေးနေသူဟု သူ့ကို စွပ်စွဲခဲ့ကြသည်။ ထိုစွပ်စွဲချက်များကို သူငြင်းဆန်သော်လည်း တပ်မတော်တပ်ဖွဲ့ဝင်များက သူ့ကို အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု SHRF ကဆိုသည်။
ဧရာဝတီ သတင်းဌာနသည် သတင်းတင်ပြခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က တပ်မတော်ပြောရေးဆိုခွင့်ရှိသူနှင့် တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့တို့ကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
RCSS နှင့် တပ်မတော်တို့သည် လွန်ခဲ့သော နှစ်ပတ်အတွင်း မိုင်းကိုင်မြို့နယ်တွင် နယ်နမိတ် အငြင်းပွားမှုပေါ် အခြေခံပြီး တိုက်ပွဲများ ဖြစ်ခဲ့သည်။ မိုင်းကိုင်၊ ကျေးသီး နှင့် လဲချားမြို့နယ်များ၏ နယ်စပ်တွင် တိုက်ပွဲများမှာ ဇူလိုင်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေသည်ဟု RCSS ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး စိုင်းဦး၏ အဆိုအရ သိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင်မူ တိုက်ပွဲများ ငြိမ်သက်သွားပုံရသည်ဟု လည်း သူဆက်ပြောသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးထားသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် တပ်မတော်နှင့် RCSS တို့အကြား မိုင်းကိုင်ရှိ ဝမ်ဟွေမုန်း ကျေးရွာအနီး တွင် ဇူလိုင်လ ၉ ရက်နေ့မှ ၁၂ ရက်အထိဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံ ၄၅၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။
လက်နက်ကိုင်ဆောင်ထားသော နှစ်ဖွဲ့စလုံး သည် ၂၁ ရာစုပင်လုံညီလာခံ တတိယ အစည်းအေ၀ တက်ရောက်ခဲ့ကြသော်လည်း ထိုတိုက်ပွဲများ ရပ်ဆိုင်းသွားအောင် လုပ်ဆောင်နိုင်ခဲ့ကြခြင်းမရှိပေ။
မကြာသေးခင်အထိ မိုင်းကိုင်ရှိ မိုင်းခွန်ကျေးရွာတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ RCSS နှင့်တပ်မတော်တို့သည် မေလ ၂၂ ရက်နေ့ကလည်း ထိုနေရာတွင် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။
ရှမ်းခေါင်းဆောင်များသည် ထိုပြဿနာများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်းနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့တွင် တွေ့ကောင်းတွေ့မည်ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးကပြောသည်။ ထိုဆွေးနွေးပွဲများအကြောင်း အသေးစိတ်ကိုမူ မပြောပါ။
ငြိမ်းချမ်းရေးညှိနှိုင်းသူများနှင့် နီးစပ်သော သတင်းရင်းမြစ်တခု၏ အဆိုအရ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဖြစ်သည့် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦး ခင်ဇော်ဦးနှင့် ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် လွန်ခဲ့သောအပတ်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သပိတ်မှောက်ခဲ့သည်။ ငြိမ်းချမ်းရေးညီလာခံအစီအစဉ်တွင် နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ မူများ မဆွေးနွေးဘဲ ဖယ်ထုတ်ထားသောကြောင့် အကျိုးမရှိဟု ဆိုကာ ညီလာခံ မတက်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင ်ဇူလိုင် ၂၀ ရက်နေ့က ဖောြ်ပခဲ့သည့် “Tatmadaw Accused of Torturing Shan Civilians in Loilem Township “
ကို ဆီလျော်အောင် ဘာသာပြန်သည်။