သတင်း

RCSS နှင့် SSPP တိုက်ပွဲရပ်ရေး ဆွေးနွေးရန် မေတ္တာရပ်ခံ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)တို့ကြား တိုက်ပွဲ ဖြစ်ပွားနေမှု ရပ်တန့်ရေး ၂ ဖက်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးကြ ရန် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) က မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။

CSSU ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း လက်မှတ်ထိုး၍ ထုတ်ပြန်သော မေတ္တာရပ်ခံချက်၌ တိုက်ပွဲဖြစ်ရသည့် အခြေအနေကို ထွက်ပြေးလာသည့် ရွာသားများမှ တဆင့် ကြားသိရကြောင်း၊ လက်ရှိ လယ်သမားများ စပါးစိုက်သည့် အချိန်ဖြစ်ရာ ၎င်းတို့ အသက်မွေးဝမ်းကျောင်း အတွက် အရေးကြီးလှကြောင်း၊ ထို့ကြောင့် ၂ ဖက်စလုံးမှ ပြည်သူလူထုကို သနားငဲ့ညာပြီး အမျိုး သားရေးကို ရည်မှန်း၍ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် မေတ္တာရပ်ခံပါကြောင်း ဇူလိုင် ၂၁ ရက်က ရှမ်းဘာသာဖြင့် ပြောဆို ထားသည်။

ဦးစိုင်းအိုက်ပေါင်း က“ကျနော်တို့က ဦးပန်ဖရယ်၊ ဦးယွက်စစ်ရယ်ကို စာပို့လိုက်တယ်လေ။ ဒါကို (တိုက်ပွဲ ရပ်ရန်) ခေါင်း ဆောင် ၂ ဦးက တွေ့ပြီး ပြဿနာကို ဖြေရှင်းကြပါလို့။ တကယ်လို့ မတွေ့နိုင်ရင် ကော်မတီဖွဲ့ပြီး တွေ့ကြပါပေါ့။ သူတို့ တဖက်စီက ကော်မတီတွေ ဖွဲ့ပြီးတော့ သူတို့ ခေါင်းဆောင်တွေ မတွေ့နိုင်ခင် တွေ့ကြပေါ့”ဟု ပြောသည်။

RCSS သည် နမ္မတူမြို့နယ် မိုင်းမုကျေးရွာ အုပ်စုတွင် အခြေစိုက်နေရာ SSPP နှင့် ပလောင်(တအန်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်က အင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွား ကြကြောင်း ဒေသခံ တဦးက ပြောသည်။

ဦးစိုင်းအိုက်ပေါင်းက “သူတို့ခင်ဗျာ အရမ်း ဒုက္ခရောက်နေတယ်။ တောင်သူ လယ်သမားတွေဟာ စိုက်ပျိုးရေးနဲ့ အသက် မွေးဝမ်းကျောင်း လုပ်တယ်လေ။ သူတို့ မစိုက်ရ မပျိုးရဘူးဆိုရင် ၁ နှစ်လုံး သူတို့ ဘာစားမှာလဲ။ အဲဒီတော့ သူတို့ တိုက် တာ ခိုက်တာလည်း တကြောင်းပေါ့။ တိုက်တာ ခိုက်တာလည်း ရှမ်းအချင်းချင်းပဲ ဘာလို့ တိုက်ကျ ခိုက်ကျမှာလဲ။ ညှိနှိုင်း တိုင်ပင် ကြ ပေါ့”ဟု ပြောဆိုသည်။

ဇူလိုင် ၂၁ ရက်မှ စတင်၍ RCSS နှင့် SSPP- TNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ မဖြစ်ပွားတော့ဘဲ ငြိမ်သက်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

ဦးစိုင်းအိုက်ပေါင်းက “ကျနော်တို့ မေတ္တာရပ်ခံစာ ထုတ်ပြီးနောက်ပိုင်း တိုက်ပွဲက မရှိတော့ဘူးဗျ။ ကျနော် သိရသလောက် လေ။ နည်းနည်း ငြိမ်သွားပြီ။ အဝေးရောက် ရှမ်း ၉ ဖွဲ့က ကျနော့်ဆီ စာပို့လာတယ်။ သူတို့ ပို့တဲ့စာကို ဦးပန်ဖ၊ ဦးယွက်စစ် ဆီ ပို့ပေးလိုက်တယ်။ သူတို့ သိသွားပြီလေ။ အကြောင်းမပြန်ဘူး။ သူတို့ စီစဉ်နေတယ် ထင်တယ်။ သူတို့ အမိန့်ပေးလို့ စီစဉ် လို့ စစ်က ရပ်သွားတာ ဖြစ်မှာပေါ့။ ထူးခြားမှု ရှိတယ်လို့ ပြောလို့ ရတာပေါ့” ဟု ပြောသည်။

နမ္မတူမြို့နယ် မိုင်းမုကျေးရွာ အုပ်စုနှင့် ပန်လုံကျေးရွာ အုပ်စုအနီးတွင် RCSS နှင့် SSPP – TNLA ပူးပေါင်းတပ်တို့ကြား ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ မိုင်းမုကျေးရွာ အုပ်စုနှင့် ပန်လုံ ကျေးရွာ အုပ်စုမှ ဒေသခံ ၅၀၀ ကျော် တိုက်ပွဲရှောင် ခဲ့ကြရသည်။

နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစံနွမ် က တိုက်ပွဲရှောင်များသည် မန်ဟောင် ဘုန်း ကြီးကျောင်း၊ သီပေါ မိုးတေ ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်း၊ မန်လီ ဘုန်းကြီးကျောင်းများတွင် နေထိုင်လျက်ရှိရာ တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားသည့် အတွက် ဇူလိုင် ၂၁ ရက် နောက်ပိုင်း နေရပ်သို့ ပြန်သွားကြကြောင်း ပြောသည်။

CSSU မှ ပေးပို့သော မေတ္တာရပ်ခံချက်နှင့် ပတ်သက်၍ SSPP နှင့် RCSS မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက မိမိအနေနှင့် မသိရသေးကြောင်း၊ ၂ ဖက်စလုံး အဆင်ပြေသည့် အချိန် တွေ့ဆုံ ဆွေးနွေး ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျနော် မသိရသေးဘူး။ အဲဒီ သူတို့ စာပို့ထားတယ်ဆိုတာ မသိရ သေးဘူး။ တိုက်ပွဲ အခြေအနေ က TNLA က ကျနော်တို့ တပ်တွေ ရှိတဲ့ နေရာကို လိုက်လံ ရှာဖွေပြီးတော့ ထိုးစစ်ဆင်လို့ ဖြစ်ရတာပါ။ ကျနော်တို့ မြေပြင် ကတော့ SSPP ပါ ပါတယ်လို့ ပြောတယ်။ ကျနော်တို့ နှစ်ဖက် စလုံးက အဆင်ပြေတဲ့ အချိန်ကျရင် တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်မယ်ထင်ပါတယ်”ဟုလည်း ပြောသည်။

SSPP ဘက်မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ၌ ဖုန်းပိတ်ထားသည့် အတွက် တစုံတရာ မသိရှိရပေ။

RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ရှမ်း လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး SSPP သည် NCA ထိုးနိုင်ရေး ညှိနှိုင်းနေသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်သည်။

အဆိုပါ FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင် ကြသည်။

RCSS နှင့် SSPP သည် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင် ဖြစ်သည်။

CSSU ကို ၂၀၁၃ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် RCSS၊ SSPP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ ်(SNLD)၊ SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်တို့ အပြင် ရှမ်း လူမှုရေး အဖွဲ့စည်းများ ပါဝင်ကြသည်။

CSSU ဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျ ဆောင်ရွက်ရာ လက်ရှိ ဥက္ကဋ္ဌမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က တာဝန်ယူထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading