ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်များ အတွင်း ဥပဒေ ချိုးဖောက်မှုများအား တရားဥပဒေ စိုးမိုးရေး အတွက် ဖော်ထုတ် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း Reuters သတင်းထောက် ကိုဝလုံးက ပြောသည်။
Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့သည် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ အနီး ဘင်္ဂါလီ ၁၀ ဦး သတ်ဖြတ် ခံရမှုအား သတင်းရေးသားရန် စုံစမ်းနေစဉ် ဖမ်းဆီးခံရကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆို ခံနေရသည်။
အဆိုပါ အမှုပတ်သက်၍ မြောက်ပိုင်းခရိုင် တရားရုံး၌ ဇူလိုင် ၂၃ ရက်နေ့ ရုံးထုတ် စစ်ဆေးရာတွင်လည်း သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ကို စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၄ ရက် တွင်လည်း ကိုကျော်စိုးဦးအား ဆက်လက် စစ်ဆေးမည် ဖြစ် သည်။
ကိုဝလုံး၏ ရှေ့နေ ဦးသန်းဇော်အောင်က “ကိုဝလုံးရဲ့ ထွက်ဆိုချက် တောက်လျှောက်မှာ သူတို့သည် သတင်းကို သတင်း မီဒီယာ ကျင့်ဝတ်နဲ့ အညီ လုပ်တယ်။ ဒီဖြစ်စဉ်ဟာက ထောင်ချောက်ဆင် အဖမ်းခံရတယ် ဆိုတာကို သူသေချာ ပြောသွား တယ်။ နောက်တခါ တရားဥပဒေ စိုးမိုးရေး အတွက် အင်းဒင် ဇာတ်လမ်းကို ရေးသားရတယ် ဆိုတာ ပြောသွားတယ်။ ဒါတွေ က အမှုအတွက် အထောက်အပံ့ ဖြစ်မှာပါ”ဟု ပြောသည်။
ကိုဝလုံးက “အင်းဒင် အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ သတင်းတွေကို မရေးစေချင်ဘူး။ မဖော်ပြစေချင်ဘူး ဆိုတာမျိုး တွေ ကျနော်တို့ အများကြီး ခံစားရတယ်။ ဒီလိုမျိုး တရားဥပဒေ ချိုးဖောက်တဲ့ ကိစ္စကိုသာ လျစ်လျူရှုခဲ့မယ်ဆိုရင် သတင်း သမားတာဝန် မကျေပွန်ရာ ရောက်ပါတယ်”ဟု တရားရုံးမှ အပြန်တွင် ပြောသည်။
ဇူလိုင် ၂၃ ရက် တရားခွင် အတွင်း ကိုဝလုံးအား တရာလို ဥပဒေ အရာရှိဘက်က စစ်မေးရာတွင် သတင်းထောက် နှစ်ဦးထံ က ဖမ်းဆီးရမိခဲ့သည့် စာရွက်စာတမ်းများနှင့် ပတ်သက်၍ အဓိက မေးမြန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုရဲမှူး မိုးရန်နိုင်၏ ဖုန်းနံပါတ်အား မည်သူကပေး၍ မည်သို့ အဆက်အသွယ်ရခဲ့ကြောင်း မေးမြန်းရာ၌ ကိုဝလုံးက ယင်း မေးခွန်းအား သတင်းမီဒီယာ ကျင့်ဝတ်အရ ဖော်ထုတ်ပြောဆိုရန် မရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် သတင်းထောက် နှစ်ဦးအား အမှုဆင် ဖမ်းဆီးခဲ့ကြောင်း တရားခွင်အတွင်း ဖွင့်ချထွက်ဆိုခဲ့ သူဖြစ်ပြီး ယင်းသို့ ထွက်ဆိုအပြီး ရက်ပိုင်းတွင်ပင် မူလရင်ဆိုင်နေရသည့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင် ဒဏ် တနှစ် ချမှတ်ခံရသူ ဖြစ်သည်။
သတင်းထောက် နှစ်ဦးထံမှ လက်ဝယ် ဖမ်းမိသည်ဆိုသည့် စာရွက်စာတမ်းများမှာ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုတပ် ကြပ် နိုင်လင်းဆိုသူ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် သတင်းထောက်များက ပြောဆိုသည်။
ယင်းအချက်အား ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကလည်း တရားခွင်အတွင်း ထွက်ဆိုထားသည်။
ကာယကံရှင် ဖြစ်သည့် ဒုတပ်ကြပ် နိုင်လင်းက ၎င်းအနေဖြင့် ကိုဝလုံးတို့အား မည်သည့် စာရွက်စာတမ်းမှ ပေးခဲ့ခြင်း မရှိ ကြောင်း တရားခွင်အတွင်း ထွက်ဆိုမှု ပြုလုပ်ထားသည်။
Reuters သတင်းထောက်များ ဖော်ထုတ်ခဲ့သည့် အင်းဒင်ကျေးရွာအနီး လူသတ်မှုသတင်းအား တပ်မတော်က ဝန်ခံခဲ့ပြီး လူသတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိ/စစ်သည် ၇ ဦးအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကို နယ်ဘက် အကျဉ်းထောင်များတွင် ကျခံစေရန် အမိန့် ချထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာ ခဲ့ သည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တခုတွင် ဒုတပ်ကြပ်နိုင်လင်းနှင့် သွားရောက် တွေ့ဆုံပြီး ဆိုင်မှ ပြန်အထွက်၌ ဖမ်းဆီးခံရပြီး ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်း များ လက်ဝယ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးခံရခြင်း ဖြစ်သည်။