ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာ အုပ်စု အတွင်း၌ ရှမ်းပြည် ပြန်လည်ထူထောင် ရေး ကောင်စီ (RCSS/SSA) နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေရာ ဒေသခံ ၁၀၀ ခန့် တိမ်းရှောင် နေကြရကြောင်း သိရ သည်။
၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်က RCSS နှင့် တပ်မတော်တို့ ကျေးသီးမြို့နယ် ဟိုပုံကျေးရွာအုပ်စု နမ့်အုပ်ကျေးရွာ အနီး၌ နံ နက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ခန့် တိမ်းရှောင်ကြရကြောင်း ကျေးသီးမြို့နယ် မဲ ဆန္ဒ နယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်း က ပြောသည်။
စိုင်းစံမိဏ်းက “ဝမ်ဖိန်း ဘုန်းကြီးကျောင်းမှာ မတ်ဝေါင်းရွာနဲ့ နမ့်အုပ် ရွာသူ/သား စစ်ဘေးရှောင် ၁၀၀ ခန့် ရောက်ရှိနေပါ တယ်။ ၂ ရွာပေါင်းပါ။ တောထဲ ဝင်ပုန်းတာတွေလည်း ရှိတယ်။ ထပ်တိုးဖို့ ရှိတယ်။ အဝတ်တထည် ကိုယ်တခုနဲ့ ရောက် လာတာ စားစရာ ဘုန်းကြီးကျောင်းက ကျွေးထားတယ်”ဟု ပြောသည်။
ဝမ်ဖိန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြသော တိုက်ပွဲရှောင် ၁၀၀ မှာ မတ်ဝေါင်း ကျေးရွာနှင့် နမ့်အုပ်ကျေးရွာ ၂ ရွာပေါင်း ဒေသခံများ ဖြစ်ကြောင်း၊ နမ့်အုပ်ကျေးရွာတွင် အိမ်ခြေ ၃၂ အိမ်ရှိပြီး မတ်ဝေါင်း ကျေးရွာ၌ အိမ်ခြေ ၅၂ အိမ်ရှိကြောင်း ၂ ရွာပေါင်း လူဦးရေ ၃၅၀ ဝန်းကျင်ရှိကြောင်း ၎င်းက ပြောဆိုသည်။
RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကြားသိရသော်လည်း မိမိတို့ တပ်နှင့် ဟုတ်/ မဟုတ် အတည်မပြုနိုင်သေးကြောင်း၊ ကျေးသီးမြို့နယ်ထဲ၌ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) လည်း လှုပ်ရှားနေ ကြောင်း ပြောဆိုသည်။
ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျနော် အဲဒီ(ကျေးသီးမြို့နယ်ထဲမှာ) ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့တော့ သတင်းရတယ်။ ကျနော် တို့ တပ်နဲ့တိုက်ပွဲ ဖြစ်တာ ဟုတ်/မဟုတ်တော့ အတည်မပြုနိုင်သေးဘူး။ ဘာလို့ဆို အဲဒီဘက်မှာ SSPP လည်း လှုပ်ရှား တယ်။ SSPP နဲ့ ဖြစ်တာလား RCSS နဲ့ ဖြစ်တာလား မသိရသေးဘူး”ဟုလည်း ပြောသည်။
ဝမ်ဖိန်းကျေးရွာမှ ဘုန်ကြီးကျောင်းသို့ တိမ်းရှောင်နေကြရသော တိုက်ပွဲရှောင်များသည် အိပ်ယာများ လိုအပ်နေသကဲ့သို့ အဝတ်အထည်များနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်းလည်း စိုင်းစံမိဏ်းက ပြောပြသည်။
တပ်မတော်နှင့် RCSS တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေး အတွက် ဇူလိုင် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု၌ RCSS နှင့် အစိုးရကြား ချုပ်ဆိုထားသော ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ် အ ခတ် ရပ်စဲရေး စာချုပ်များ ပြန်လည်သုံးသပ်ကြရန် ဆွေးနွေးခဲ့ကြပြီး မည်ကဲ့သို့ စစ်ရှိန် လျှော့ချမည်နည်းကိုလည်း ဆွေး နွေးခဲ့ကြကြောင်း နှစ်ဖက် ကိုယ်စားလှယ်များနှင့် နီးစပ်သူများထံက သိရသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ထိုးထားသော လက်နက် ကိုင် အဖွဲ့လည်း ဖြစ်သည်။ သို့သော် RCSS နှင့် တပ်မတော်ကြား ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် တိုက်ပွဲ များ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
ယခု ဖြစ်ပွားသည့် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာအုပ်စု နမ့်အုပ်ကျေးရွာဘက်သို့ တပ်မတော် စစ်ကြောင်းများ RCSS အနေဖြင့် NCA ထိုးပြီး နောက်ပိုင်း မလာဘူးဘဲ ယခု ပထမဆုံး လာရာမှ ထိတွေ့ တိုက်ပွဲ ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်းက “NCA ထိုးပြီးနောက် တိုက်ပွဲဖြစ်တဲ့ဘက် တပ်မတော်စစ်ကြောင်း မရောက်ဖူး ဘူး။ အခုလာတော့ ဖြစ်တာပေါ့။ မထိုးခင်တုန်းကတော့ ရောက်တယ်။ ထိုးပြီးနောက် အခုက တကြိမ်ပဲ လာတယ်လို့ ဒေသ ခံ တွေ ပြောတယ်။ မိုင်းနောင်မြို့ဘက်က လာတာ စစ်ကြောင်း အမှတ်တော့ မသိဘူးဗျ။ ကျေးသီးနဲ့ မိုင်းနောင်က မိုင် ၃၂ မိုင် ဝေးတယ်”ဟု ပြောသည်။
ကျေးသီးမြို့နယ် အတွင်းတွင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)တို့ လှုပ်ရှားလျက် ရှိပြီး ၂ ဖွဲ့စလုံးနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။