အစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးက ရှေ့မတိုး နောက်မဆုတ်သာ အနေအထား ဖြစ်နေသဖြင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဆောင်ရွက်ခဲ့သည့် လူထုဆန္ဒနှင့်အညီ ငြိမ်းချမ်းရေး တည်ဆောက်ကြရမည် ဖြစ်ကြောင်း သခင် ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့က တိုက်တွန်းလိုက်သည်။
ဇူလိုင် ၂၃ ရက်တွင် ရန်ကုန်မြို့ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်၌ ကျင်းပသည့် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန် ခြင်း ၅၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့က ကြေညာ ချက် ထုတ်ပြန်၍ တိုက်တွန်း ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ တိုင်းပြည်၏ စီးပွားရေး၊ လူမူရေး၊ တရားဥပဒေ စိုးမိုးရေးအရပါ အကျပ်အတည်းမျိုးတွင် ငြိမ်းချမ်းရေးကို မြန်မြန် ဆန်ဆန် မဆောင်ရွက်နိုင်ပါက တိုင်းပြည်အနေဖြင့် ပိုမို နစ်နာနိုင်သောကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆောင် ရွက်ခဲ့သည့် လူထုနည်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြရမည် ဖြစ်သလို လူထုဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးကို တည် ဆောက်ရမည် ဖြစ်ကြောင်း ယင်း အခမ်းအနားပွဲ၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းဝင်းငြိမ်းက ပြောသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် တိုင်းပြည် လွတ်လပ်ရေး အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ အတွက် ကိုယ်ကျိုးမဖက် အသက်ထက်ဆုံး ကြိုးပမ်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်းသည် ပြဿနာများ၊ ပဋိပက္ခစစ်များကို ဖြေရှင်းရာတွင်လည်း အပြန်အလှန် လေးစားမှု တန်းတူမှုဖြင့် နိုင်ငံရေး စကားဝိုင်းတွင် သူမနာ ကိုယ်မနာဘဲ ဖြေရှင်းကြရန်နှင့် ရိုးသား ပွင့်လင်းကာ ဖြောင့်မတ် တည်ကြည် လေးစားသော စိတ်စေတနာကောင်း ထားရှိကြရန် အမြဲတိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ် မြင်ချင် တွေ့ချင်ခဲ့ပြီး ကြိုးစားခဲ့တယ်။ ငြိမ်းချမ်းရေး ကိစ္စကို ဘက်နှစ်ဘက်စလုံးက သူလည်းမနာ၊ ကိုယ်လည်းမနာဘဲနဲ့ တိုင်းပြည်ရဲ့ပြဿနာကို ဆွေးနွေး ဖြေရှင်းနိုင်ဖို့ကို အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တောက်လျှောက် တိုက် တွန်းခဲ့သူလည်း ဖြစ်တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဒါပေမယ့် အခု အခြေအနေအထိ ဘက်နှစ်ဘက် တန်းတူရည်တူ အပြန်အလှန် လေးလေးစားစား ဆွေးနွေးပြီးတော့ တိုင်းပြည်ရဲ့ ပြဿနာတွေ အဖြေရှာမယ် ဆိုတဲ့ ကိစ္စဟာ မှုန်ဝါးနေတုန်းပဲလို့ ကျနော် မြင်ပါတယ်” ဟု လည်း ပြောကြားသည်။
မြန်မာနိုင်ငံ အစိမ်းရောင် ကွန်ရက်က ဒေါ်ဒေဝီသန့်စင်က “ပြည်တွင်းစစ် စဖြစ်တဲ့ အချိန်ကစပြီး ဆရာကြီးဟာ နှစ်ဖက် တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ ဝင်ပြီး ဘက်မလိုက်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည် ထူထောင်နိုင်အောင် ကြိုး စား ခဲ့ပေမယ့် မဖြစ်ခဲ့ဘူး။ ခေတ်အဆက်ဆက် မျိုးစေ့ချပေးသွားတဲ့ ငြိမ်းချမ်းရေးကို မျိုးချစ်ပုဂ္ဂိုလ်တွေကို စံနမူနာယူပြီး တော့ အဲဒီ မျိုးစေ့တွေကို မှန်ကန်တဲ့ ရှင်သန်မှုနဲ့ ငြိမ်းချမ်းရေး ရအောင် ဆက်ပြီးတော့ လုပ်စေချင်တဲ့ ဆန္ဒရှိပါတယ်” ဟု ပြောသည်။
ထို့ပြင် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့သည် ပြည်သူလူထု၏ အကျိုးဆန္ဒနှင့် ကိုက်ညီသော ငြိမ်းချမ်းရေးကို ရရှိစေရန် ပြည်သူလူထုကို အခြေခံပြီး ဆောင်ရွက်နေသော အဖွဲ့ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြ ထားသည်။
အဆိုပါ ကြေညာချက်၌ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ကြရန်၊ နှစ်ဘက်စစ်ရေး အပစ်အခတ် ရပ်စဲထားရန်၊ အထူးသဖြင့် တပ်မတော်က သဘောထားကြီးစွာဖြင့် ထိုးစစ်၊ တိုက် စစ်များ ရပ်စဲကြောင်း စတင်ကြေညာရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ် ဖိနှိပ်သော အမိန့်၊ စည်းကမ်း၊ ဥပဒေများ ပြင်ဆင် ရုပ်သိမ်း ပယ်ဖျက်ပေးရန်စသည့် အချက်များလည်း ပါဝင်သည်။
ထို့ပြင် တပ်မတော်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ ခြောက်ရပ် ရုပ်သိမ်းပေးရန်၊ ဒေသခံ တိုင်းရင်းသား သုံ့ပန်း များကို တရားလက်လွှတ် သတ်ဖြတ် ညှဉ်းဆဲခြင်းများသည် နိုင်ငံတကာသုံ့ပန်း ပေါ်လစီကို ချိုးဖောက်ရာ ရောက်သဖြင့် ကန့်ကွက် ရှုတ်ချကြောင်းနှင့် ဒေသအသီးသီး၌ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လုပ်ငန်းရပ်ကြီးများကို အကောင် အထည်ဖော်ရာ၌ ပွင့်လင်း မြင်သာမှုနှင့် ပြည်သူလူထု ဆန္ဒ သဘောထားမပါဘဲ ဖိအားပေး ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ပဲခူးတိုင်း ရွှေတောင်မြို့နှင့် သုံးမိုင်ခန့် ဝေးသည့် ရန်ကုန်-ပြည်လမ်းပေါ်က ဝါးလည် ကျေးရွာ၌ ၁၈၇၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၆၄ ခုနှစ်ဇူလိုင် ၂၃ ရက် အသက် ၈၉ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ သည်။
သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန် စောင့်ရှောက်ရေး အဖွဲ့ကို ဆရာကြီး ကွယ်လွန်ပြီး ၂ နှစ်အကြာ၌ ဖွဲ့စည်းခဲ့ကာ ၂၀၁၂ ခုနှစ် ရန်ကုန်မြို့ တော်ဝန်နှင်းဆီ ခန်းမတွင် ကွယ်လွယ်ခြင်း ၄၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ပထမဆုံး အကြိမ် အဖြစ် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။