နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများကြောင့် ဇူလိုင် ၁၆ ရက်နေ့တွင် နေရပ်စွန့်ခွာလာသူ ၁၅၀၀ ခန့်၏ ထက်ဝက်ခန့် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ကစပြီး နေရပ်သို့ပြန်ကြသည် သို့မဟုတ် အပြန်လမ်းတွင်ရှိနေကြသည်ဟု ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များအဆိုအရ သိရသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – RCSS/SSAS က တဖက် တအောင်းန် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) – SSPP/SSAN တို့ ပူးပေါင်းတပ်များက တဖက် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံရွာသားများသည် နမ္မတူမြို့နယ်အတွင်းနှင့် သီပေါမြို့နယ်အတွင်းရှိ ရွာများသို့ ထွက်ပြေးခဲ့ကြသည်။
သီပေါမြို့ မိုးတေရွာ ဘုန်းကြီးကျောင်းနှင့် ဘိုးတော် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေသူ ၆၇၀ ခန့်သည် ၎င်းတို့ရွာများပတ်ဝန်းကျင်တွင် တိုက်ပွဲများ ငြိမ်သက်သွားသောကြောင့် ဇူလိုင်လ ၂၀ ရက်နေ့က စတင်နေရပ်ပြန်ကြသည်၊ အချို့လည်း ပြန်နေဆဲ ဟု သီပေါမြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစန်းစန်းအေး၏ အဆိုအရ သိရသည်။
သို့သော် နမ္မတူရှိ ပန်လုံနှင့် မန်လေကျေးရွာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသူ ၈၀၀ ခန့်မှာမူ ၎င်းတို့နေအိမ်များအနီးတွင် တပ်ဖွဲ့များ ဆက်ရှိနေဆဲ ဖြစ်သောကြောင့် မပြန်ရဲကြသေးကြောင်း နမ္မတူမြို့နယ် ကိုယ်စားပြုပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ဧရာဝတီသို့ ပြောသည်။
နမ္မတူမြို့နယ်အတွင်း ပန်ဟတ်ရွာနှင့် ပန်လုံကျေးရွာအုပ်စုအတွင်းမှ မန်ဆာ၊ မန်ခဲ၊ မန်ပန်နှင့် နမ်စီလင်းစသည့် ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင်များသည် ယာယီစစ်ဘေးရှောင် ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရဆဲဖြစ်သည်။
ပန်လုံ ဘုန်းကြီးကျောင်းတွင် ၁၃၉ ဦးခိုလှုံနေပြီး မန်လေ ဘုန်းကြီးကျောင်းတွင် ၆၅၃ ဦး ခိုလှုံနေသည်။ ၎င်းတို့သည် ရှမ်း နှင့် တအောင်းန် လူမျိုးစုများဖြစ်သည်ဟု ဆိုသည်။
“ဒေသခံပြည်သူတွေအတွက် လုံခြုံမှု က ဘယ်ရှိမလဲ။ မလုံခြုံလို့ဘဲ ပြေးနေရတာ။ မြန်မာပြည်ထဲက တိုင်းရင်းသားအချင်းချင်းကြား ပဋိပက္ခတွေပဲ ဖြစ်နေတာ။ စစ်ကဖြစ်မှပဲ ပြေးကြတာ။ နည်းနည်းဖြစ်ရင်တောင် မပြေးကြဘူး” ဟု ဒေသခံများ တိုက်ပွဲများအတွင်း ကျင်လည်နေရပုံကို နန်းစံဟွမ် က ရှင်းပြသည်။
တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်စေ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် များကြားဖြစ်စေ ဖြစ်ပွားသောတိုက်ပွဲများတွင် “အတော်များများက တိုက်ပွဲပြင်းပြင်းထန်ထန်ကြီးမဟုတ်ရင် သူတို့ အိမ်တွေကို စွန့်ခွာပြေးလေ့မရှိဘူး” ဟုလည်း ၎င်းကပြောသည်။
အချို့မှာ ယခင်တိုက်ပွဲများကြောင့် နမ္မတူ မြို့ပေါ် စခန်း ၃-၄ ခုတွင် ခိုလှုံနေသည်မှာ ၇ နှစ်ကျော်နေပြီး၊ အများအားဖြင့် ဒေသခံများနှင့် အကူအညီပေးရေးအဖွဲ့များ၏ အထောက်အပံ့ဖြင့်သာ နေထိုင်ကြရသည်ဟု နမ္မတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် က ဆိုသည်။
ရှမ်းပြည်နယ်သည် ရှမ်း၊ တအောင်းန်၊ ကချင်၊ ဝ၊ မိုင်းလား နှင့် ကိုးကန့် တို့၏ လက်နက်ကိုင်တပ်ဖွဲ့အများအပြားနှင့် အခြားပြည်သူ့စစ် အဖွဲ့များစွာ လှုပ်ရှားတည်ရှိသောပြည်နယ်ဖြစ်သည်။
တိုက်ပွဲအများစုမှာ SSAS နှင့် တပ်မတော် အကြား သို့မဟုတ် SSAS နှင့် TNLA နှင့် SSAN တို့ပူးပေါင်းတပ်များ အကြားဖြစ်ပွားခြင်း ဖြစ်သည်။
TNLA နှင့် SSAN တို့သည် RCSS ကာလရှည်ကြာစွာ ထိန်းချုပ်ထားသော ဧရိယာအတွင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲများဖြစ်ရသည်ဟု RCSS ပြောခွင့်ရသူ ဒုဗိုလ်မှူး စိုင်းဦးကပြောသည်။ “သူတို့ (TNLA နှင့် SSAN) က RCSS တပ်တွေကို မရှိစေချင်ကြတာ” ဟု ၎င်းက ဧရာဝတီသို့ ယခင်အပတ်က ပြောဆိုခဲ့သည်။
TNLA နှင့် SSAS တို့သည် မကြာသေးမီနှစ်များအတွင်း တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ နှစ်ဖက်ကြား ဆွေးနွေးပွဲများမှာမူ ပြတ်တောင်းပြတ်တောင်းပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း SSAS သည် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်တွင် မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားသောကြောင့် လူရာချီ နေရပ်စွန့်ခွာခဲ့ရသည်။