ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် အမည် စာရင်းတင်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD )မှ ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီမှ ကန့်ကွက်မှုအပေါ် စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်သည်။
ယင်း ကန့်ကွက်လွှာအပေါ် စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်က လေ့လာစီစစ်မှုများ ပြုလုပ်ပြီး လွှတ်တော် ရွေး ကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် ညှိစွန်းမှု မရှိဟုဆိုကာ ဇူလိုင်လ ၂၀ ရက်နေ့က ပယ်ချ လိုက်ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးခင်မောင်ဦးက ပြောသည်။
“လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၊ နည်းဥပဒေအရ ညှိစွန်းမှုမရှိတဲ့အတွက် ကန့်ကွက်လွှာကို ကျနော် တို့ တရားဝင် ငြင်းပယ်လိုက်ပါတယ်။ ကန့်ကွက်ခံရတဲ့ ဦးသိန်းမောင်ဟာ ANP ပါတီမှာ မလုပ်တော့ ပါဘူဆိုပြီး မိမိဆန္ဒအလျောက် နုတ်ထွက်စာ ၂ ကြိမ် တင်ထားတယ်ဗျ။ ANP ပါတီက နုတ်ထွက်ခွင့် မပြုသေးဘူး ဆိုတာကတော့ ကျနော်တို့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေမှာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရေးသား ပြဌာန်းထားခြင်းမရှိဘူး၊ သူတို့ ပါတီတွင်း ပြဿနာကို သူတို့ ဟာ သူတို့ ရှင်းပါ။ ကျနော်တို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရတော့ ညှိစွန်းမှု မရှိဘူး”ဟု ၎င်းကဧရာဝတီသို့ ပြော သည်။
ကန့်ကွက်သူ ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ဦးလှမြင့်က ၎င်းအနေဖြင့် ဦးသိန်းမောင်အား ကန့်ကွက်ရခြင်း မှာ ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်မီ၍ ကန့်ကွက်ရခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လူပုဂ္ဂိုလ်တဦးဟာ တပြိုင်တည်း ပါတီနှစ်ခု ပါဝင်၍ မရဆိုသည့် အချက်ဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျနော် ကန့်ကွက်တာက သူဟာ ကျနော်တို့ ပါတီဝင်ကနေ ထွက်ခွင့် မပြုသေးဘူး၊ ကိုယ်စားလှယ် လောင်း အရည်အချင်း မကိုက်ညီလို့ ကန့်ကွက်တာ မဟုတ်ဘူး ။ သို့သော်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေဆိုတာ ရှိပါတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေမှာ ပုဂ္ဂိုလ်တဦးသည် တပြိုင်တည်းမှာ ပါတီ၂ ခုမှာ ဝင်လို့မရဘူး၊ အဲဒီ အချက်နဲ့ ကန့်ကွက် တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကန့်ကွက်လွှာအား ပယ်ချလိုက်သည့် စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ် ချက်နှင့်ပတ်သက်၍ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ ၇ ရက်အတွင်း အယူခံဝင်ပြီး ထပ်ဆင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း လည်း ကန့်ကွက်သူ ဦးလှမြင့်က ဆိုသည်။
ကန့်ကွက်ခံရသူ ဦးသိန်းမောင်သည် ကျောင်းအုပ်ဆရာ အငြိမ်းစာတဦးဖြစ်ကာ ယခင် ပါတီနှစ်ခု မပူးပေါင်းခဲ့စဉ်တုန်းက ALD ပါတီတွင် ရသေ့တောင်မြို့နယ် ဥက္ကဌ ဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ALD နှင့် RNDP ရခိုင်ပါတီနှစ်ခု ပူးပေါင်းခဲ့ပြီးနောက် ANP ပါတီ၏ ရသေ့တောင်မြို့နယ် ဒုဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ကြောင်းလည်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲ ၌ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂ )မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင် သွင်းထားသသော ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီ (ANP ) ပါတီမှ ဦးလှမြင့် ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ ( ALD ) ပါတီမှ ဦးသိန်းမောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (NLD) ပါတီမှ ဦးခင်သန်းမောင်၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်း တို့ ဖြစ်သည်။
စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်သည် ကိုယ်စားလှယ်လောင်း အဖြစ် အရည်အချင်းပြည်မီ သူများကို လာမည့် သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။
ရသေ့တောင် အမှတ်(၂) မဲဆန္ဒနယ်တွင် လက်ရှိပြုစုထားသော စာရင်းအရ မဲဆန္ဒရှင်ပြည်သူ ၅ သောင်းရှိပြီး ၎င်းမဲ ဆန္ဒနယ်အမှတ် (၂ )သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီမှ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးမင်း အနိုင် ရရှိခဲ့နေရာ ဖြစ်ကာ ဦးဖိုးမင်း မှာ ကွယ်လွန်သွား သည့်အ တွက်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တနေရာ လစ်လပ် သွားခြင်းလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ရသေ့တောင် ALD ပါတီ ကိုယ်စားလှယ် ကန့်ကွက်ခံရ
ကြားဖြတ်ရွေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ်မှ ၄ဦး ဝင်ပြိုင်ရန် အမည်စာရင်းသွင်း