ဗုဒ္ဓ၊ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအား တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃ မဟာနာယက(မဟန)အဖွဲ့က ကြေညာပြီးနောက် သံဃာဂိုဏ်းကွဲခြင်း၊ လူထုအတွင်း ညီညွတ်မှုပြိုကွဲကာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီက ယနေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။
ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ” တိုင်းပြည်မှာ စီးပွားရေး။ ငြိမ်းချမ်းရေး၊ ရခိုင်းအရေးတွေလို စိုးရိမ်စရာကောင်းတဲ့ ကာလမှာ ဒီလိုကိစ္စကို အဆောတလျှင်ဆောင်ရွက်လာတာ ကောင်းကျိုးထက် ဆိုးကျိုးတွေများလာနိုင်တယ်။ ဆူပူတာတွေ ဖြစ်လာမှာလည်း စိုးရိမ်ပါတယ် ” ဟုပြောသည်။
ဗုဒ္ဓ၊ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့သည် ယခင် အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့အား အမည်ပြောင်းလဲထားခြင်းဖြစ်ပြီး နိုင်တဝှမ်းဆိုင်းဘုတ်များအား ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန် မဟနက ဇူလိုင် ၂၀ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကြံ့ခိုင်းရေးပါတီ၏ ထုတ်ပြန်ချက်တွင် “ တိုင်းရင်းလူမျိုးတမျိုးနှင့်တမျိုး(သို့) တိုင်းရင်းသားလူမျိုးအချင်းချင်းကို လည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ အပိုင်းခွဲ(ဃ)ကို ကိုးကားဖော်ပြထားသည်။
မဟန၏ ဆုံးဖြတ်ချက်တွင် ဖောင်ဒေးရှင်းအမည်အား သုံးစွဲလျှက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်လည်းပါဝင်ပြီး လိုက်နာမှုမရှိက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန် ညွန်ကြားထားသည်။
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆိုဆုံးမမှုအပေါ် နာခံမှုမရှိသည့်အတွက် အရေးယူဆောင်ရွက်ရသည့် အချက်ဖြစ်ပြီး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ကြောင်း သိရသည်။
မဟန၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဗုဒ္ဓ၊ ဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) မှ ဆိုင်းဘုတ်များ ဖြုတ်ရေး၊ မဖြုတ်ရေးအတွက် တိုင်းနှင့်ပြည်နယ်များမှ အဖွဲ့ဝင်ဦးဆောင်ဆရာတော်များထံ ဆန္ဒပြုချက်များ ပေးပို့ရန် ကြေညာထားသည်။
ဗုဒ္ဓ၊ ဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ဦးဆောင်ဆရာတော် တပါးဖြစ်သည့် ဒေါက်တာ သောပါက က“ ဆိုင်းပုဒ်ဖြုတ်ချရေးနဲ့ ဆက်လက်ရှင်သန် ရပ်တည်းရေးကို အားလုံးရဲ့ ဆန္ဒသဘောထားနဲ့ပဲ ဆုံးဖြတ်မှာပါ၊ ခုထိတော့ ဆန္ဒပြုချက်တွေ ပို့နေကြဆဲပဲ”ဟု မိန့်ကြားသည်။
မဟန အနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းကလည်း မဘသ အဖွဲ့အား တရားမဝင်ကြောင်းနှင့် ဆိုင်းပုဒ်များ ဖြုတ်သိမ်းရန် ညွန်ကြားခဲ့ဖူးသည်။
ယင်းသို့ညွန်ကြားမှုအပေါ် မဘသ ဗဟိုမှ လိုက်နာဆောင်ရွက်ခဲ့ပြီး ဆိုင်းပုဒ်များဖြုတ်ချရေးကို ဆော်သြခဲ့သော်လည်း ကရင်ပြည်နယ်နှင့် ဒေသအချို့တွင် ဆိုင်းပုဒ်များ ဖြုတ်ချခြင်းမပြုခဲ့ပါ။ ယင်းသို့လိုက်နာဆောင်ရွက်မှုမရှိခြင်းအပေါ် တစုံတရာအရေးယူမှုများ ဆောင်ရွက်ခဲ့သည်ကိုလည်း မတွေ့ခဲ့ရပေ။
သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က “ မဟနအဖွဲ့ကြီးရဲ့ ဓမ္မစက်နဲ့ ဆုံးဖြတ်ထားတာတွေကို ဒေသအာဏာပိုင်အဖွဲ့အစည်းတွေက ဆောင်ရွက်ရမယ့်အပိုင်းပါ၊ ဒေသ အာဏာပိုင်တွေ ဘက်ကပဲ ဆုံးဖြတ်ရမှာပါ” ဟုပြောသည်။
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး(မ.ဘ.သ/ ဗုဒ္ဓ၊ ဓမ္မ ပရဟိတဖောင်ဒေးရှင်း) အဖွဲ့သည် သီးခြားသံဃာ့အဖွဲ့အစည်း မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာ သာသနာနှင့် ဆက်စပ်သည့် ရဟန်း၊ ရှင်၊ လူပြည်သူများပါဝင်သည့် NGO အဖွဲ့မျိုးသာဖြစ်၍ မည်သည့်အဖွဲ့အစည်းကမျှ ပယ်ဖျက်နိုင်ခွင့်မရှိသည့်အပြင် မည်သည့်ပြစ်မှုနှင့်မှလည်း ငြိစွန်းခြင်းမရှိသည့်အတွက်လည်း ဆိုင်းဘုတ်များမဖြုတ်လိုကြောင်း ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မဟန၏ ဆုံးဖြတ်ချက်ကြောင့် သံဃာကွဲပြားမှုဖြစ်ခြင်း၊ အုံကြွဆူပူခြင်း ဖြစ်ပေါ်လာပါကလည်း သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မဟန အဖွဲ့များ၏ တာဝန်သာဖြစ်ပါလိမ့်မည်ဟု ဆိုထားသည်။