လူထုချင်း ရန်တိုက်ပေးသည့် အသွင်ဆောင်လာသဖြင့် ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေး ကန့်ကွက် နေသည့် လှုပ်ရှားမှုများကို ကရင်နီလူငယ်များ ဘက်မှ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကရင်နီ လူငယ်များက ကြေညာ လိုက် သည်။
ယနေ့ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် ပြုလုပ်သည့် “ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တု နှင့် ပတ်သက်၍ ကရင်နီပြည်နယ်ရှိ ပြည်နယ် လူထုကြား စိတ်ဝမ်းကွဲမှု၊ မတည်မငြိမ် ဖြစ်စေမှုများ အပေါ် ကရင်နီ လူငယ် များ၏ သဘောထားများကို ရှင်းလင်းခြင်း” သတင်းစာ ရှင်းလင်းပွဲတွင် ကရင်နီလူငယ်များက ကြေညာခဲ့ခြင်း ဖြစ်သည်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးမှ မနော်ဖောဝါးက ကန့်ကွက်သည့် လှုပ်ရှားမှုများ ရပ်ဆိုင်း ရခြင်းသည် ဇူလိုင်လ ၂၀ ရက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုးက လွိုင်ကော်မြို့၌ ဗိုလ်ချုပ် ကြေးရုပ် ထားရှိ ရေးကို အစိုးရဘက်မှ လုပ်ဆောင်တော့ မည် မဟုတ်ကြောင်း၊ လုပ်ဆောင်လိုသည့် လူထုအရပ်ဘက် အဖွဲ့များသာ ဦးဆောင်ကြရန် ပြောဆိုခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
မနော်ဖောဝါးက “ ဒါက ကျမတို့ ပြည်နယ်ထဲမှာပဲ လက်ခံတဲ့လူနဲ့ လက်မခံတဲ့လူ နှစ်ဘက်ကို တည်ပေးတာ။ ဒီလို ဖြစ် အောင် အဓိက လုပ်ခဲ့တာက သူ(ဦးအယ်ဖောင်ရှိုး) ဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးပြဿနာတွေ တက်လာမှ မလုပ် တော့ဘူး ဆိုပြီး ပြည်သူအချင်းချင်း ပြည်နယ်သားအချင်းချင်း ထိပ်တိုက်တွေ့အောင် လုပ်တယ် လို့ ကျမတို့ သုံးသပ် လို့ပါ”ဟု ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေး ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးရန်နှင့် လတ်တလော မထားရန် ကန့်ကွက်နေကြ သည့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် ကရင်နီ လူငယ်များမှာ ပြည်နယ်သူ ပြည်နယ်သား အချင်းချင်း ပြဿနာ ဖြစ် မည့် အရေးကို ရှောင်လိုသဖြင့် လှုပ်ရှားမှုများ ရပ်တန့်ရန် ဆုံးဖြတ်ရခြင်း ဖြစ်သည် ဟုလည်း မနော်ဖောဝါးက ဆို သည်။
ဆက်လက်၍ မနော်ဖောဝါးက “ ဒါကို မဖြစ်မနေ ဆက်လုပ်မယ်ဆိုရင်တော့ ကျမတို့ ကန့်ကွက်မှုတွေ ဆက်လုပ်မယ်။ ဒါပေမယ့် ပြည်သူအချင်းချင်း ထိပ်တိုက်တွေ့မယ့်လမ်းကို ကျမတို့ ရှောင်မယ်။ ဒီကြားထဲ မှာတော့ ကျမတို့ ကန့်ကွက် တာတွေ လှုပ်ရှားတာတွေ ဘာမှမလုပ်ပါဘူး။ တရားစွဲဆို ခံထားရတဲ့ သူတွေ တရားရင်ဆိုင်ဖို့ကိုပဲ အာရုံစိုက်ပါမယ်”ဟု ပြောသည်။
မြင်းစီးနေသည့် ဟန်ရှိသည့် ဗိုလ်ချုပ် ကြေးရုပ်ကို ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ် သိန်း ၈၀၀ ဝန်းကျင် အကုန်အကျခံ ပြုလုပ်ကာ လွိုင်ကော်မြို့ ပန်းခြံအတွင်း စိုက်ထူမည့် အစီအစဉ်ကို ကယားပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီလက ဆုံးဖြတ်ချက် ချကာ ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
ထိုအချိန်မှစ၍ ကယားပြည်နယ်အတွင်းမှ ကရင်နီလူငယ် အဖွဲ့အစည်းများ၊ ကရင်နီ လက်နက်ကိုင် အဖွဲ့အစည်း၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် လူထုတို့က ကန့်ကွက်ခဲ့ကြပြီး ကရင်နီလူငယ်အဖွဲ့အစည်းများ ဦးဆောင်သည့် လူထုက ဇူလိုင်လ ၃ရက်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာ အစိုးရက ရဲအင်အားသုံးပြီး လူစု ခွဲခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုးက ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးနှင့် ပတ်သက်၍ ကန့်ကွက်မှု များကို လက် မခံခဲ့ဘဲ ပြည်နယ် အစိုးရအဖွဲ့က ဇူလိုင်လ ၁၆ ရက်တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ကရင်နီပြည် လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့၊ ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကယန်း အမျိုးသား ပါတီ၊ Lain နည်းပညာ အထောက်အကူပြု အဖွဲ့တို့နှင့် တွေ့ကာ ကန့်ကွက်မှုများ၊ ဆူပူသောင်းကျန်းမှုနှင့် မငြိမ်မသက်မှု များ ဖြစ်လာလျှင် တပ်မတော်ကို တာဝန်ပေး ထိန်းသိမ်းခိုင်းမည်ဟု ပြောဆိုခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မများ အရ အရေးပေါ်အခြေအနေ ဖြစ် လာ ပါက အဓိက လုပ်ပိုင်ခွင့်အာဏာမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှာသာ ရှိပြီး တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များထံ လုပ်ပိုင်ခွင့်အာဏာ မရှိကြောင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်က အခြေခံဥပဒေကို နားလည် မှု လွဲနေကြောင်း ဇူလိုင်လ ၂၃ ရက်က သတင်း ထုတ်ပြန် ခဲ့သည်။
ဝန်ကြီးချုပ် ပြောဆိုခဲ့သည့် အသံဖိုင် ပြင်ပသို့ ပျံ့လာပြီး နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုများ ဖြစ်လာပြီး နောက် ဇူလိုင်လ ၂၃ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ကာ ပြည်နယ် အစိုးရ ဖွဲ့ထားသည့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
သို့သော် ဗိုလ်ချုပ်ရုပ်တု ထားရှိရေးကို မြို့ခံနှင့် ပရဟိတ အသင်းများ ပူးပေါင်းကာ ကော်မတီတရပ် ပြန်ဖွဲ့ပြီး ဆက် လက် ကြိုးစားမည်ဟု ဦးအယ်ဖောင်ရှိုးက ပြောဆိုသွားသည်။
မနော်ဖောဝါးက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရန် တောင်းဆိုနေဆဲ ကာလ၊ တိုင်းရင်းသား လူမျိုးများ၏ ဝိသေသ လက္ခဏာများ ဖျောက်ဖျက်ခံထားရဆဲ ကာတွင် ဒေသခံ ကရင်နီတိုင်းရင်းသားလူမျိုးများ ကန့်ကွက်နေသည့် ကြားမှ ဗိုလ်ချုပ်ကြေးရုပ်ကို ထားရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေးအရ လူမျိုးရေးအရ လွှမ်းမိုးမှု ရရန် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ပြောသည်။
ကရင်နီပြည် လူငယ်များ သမဂ္ဂမှ ကိုဥတ္တရာအောင်ကလည်း ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုး ပြောဆိုသည့် မြို့ခံနှင့် ပရဟိတ အသင်းများဆိုသည်မှာ သမိုင်းကြောင်း အစဉ်အဆက်ဖြင့် နေထိုင် ခဲ့သည့် ဌာနေတိုင်းရင်းသားများ သဘော ထားကို မည်မျှ ကိုယ်စားပြုမည်ဆိုသည်ကို မေးခွန်းထုတ်စရာ ရှိသည်ဟု ပြောဆိုသည်။
ကိုဥတ္တရာအောင်က ကိုလိုနီခေတ်တွင် ကယားပြည်နယ်သည် လွတ်လပ်သည့် ကရင်နီပြည်နယ်အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံအစိတ်အပိုင်းတွင် မပါဝင်ခဲ့ကြောင်း၊ ပင်လုံ စာချုပ် ချုပ်ဆိုစဉ်ကလည်း ဧည့်သည်အဖြစ်သာ တက်ရောက် ခဲ့ပြီး ၁၉၅၁ ခုနှစ်မှ ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် ပြောင်းလဲခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ပြည်ထောင် စု အစိတ်အပိုင်းထဲတွင် ပါဝင် နေပြီဖြစ်သဖြင့် သမိုင်းကြောင်းများဖြင့် မငြင်းခုန်လိုကြောင်းလည်း ပြော သည်။
ကိုဥတ္တရာအောင်က “ဗိုလ်ချုပ်ကြေးရုပ်ပြဿနာက ဗမာပြည်တခုလုံးရဲ့ ပြဿနာမဖြစ်ရင်တောင် ကျနော်တို့ တိုင်းရင်း သား နိုင်ငံရေး ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားနိုင်ငံရေးအတွက် အင်မတန်မှ အန္တရာယ်ကြီး ပါတယ်”ဟု ပြော ဆို သည်။
ကယားပြည်နယ်ကို မငြိမ်မသက်ဖြစ်အောင် အဓိက လုပ်ဆောင်နေသူမှာ ဝန်ကြီးချုပ် နှင့် ဗိုလ်ချုပ်ကြေးရုပ် သာ ဖြစ်သည်ဟုလည်း ကိုဥတ္တရာအောင်က ပြောသည်။
ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းကို ကန့်ကွက်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းနှင့် ကရင်နီ သမိုင်းကြောင်း အမှန် စာရွက်စာတမ်းများကို လိုက်လံဝေခြင်းကြောင့် အစိုးရမှ တရားစွဲဆိုထားသူ ၂၃ ဦး ရှိပြီ ဖြစ်သည်။
၂၃ဦးအနက် ၁၂ဦးမှာ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုခံထားရပြီး ကျန်လူငယ် များမှာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မများဖြင့် တရားစွဲဆို ခံထားရသည်။
ထို ၂၃ဦးထဲမှ အစိုးရကို အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုခံထားရသူ ကရင်နီ လူငယ် ၄ဦးမှာ လွိုင်ကော်မြို့ အကျဉ်းထောင် ထဲတွင် ဖမ်းဆီးခံထားရကာ တရားရင်ဆိုင်နေရသည်။
ထို လူငယ် ၄ ဦးသည် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည့် အာဇာနည် နေ့ အခမ်းအနားကို စစ်အစိုးရ လက်ထက်တွင် ဦးဆောင်ကျင်းပခဲ့ကြသူများ ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလ ကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရေး မဲဆွယ်ဟောပြောမှုများတွင် လုံခြုံရေး၊ ဘာသာပြန် စသည်ဖြင့် ကူညီခဲ့ကြသူများ ဖြစ်သည်။
ကရင်နီလူငယ်များက ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းကို ရွှေ့ဆိုင်းရန် ဆန္ဒမဲ လက်မှတ်များကို ဇူလိုင်လ ၁၂ ရက်မှ ၁၉ ရက်အထိ လိုက်လံ ကောက်ခံထားရာ မဲလက်မှတ်ပေါင်း လေးသောင်းခန့် ရရှိထားကြောင်း သိရ သည်။