သတင်း

မျိုးသုဉ်းလုနီး ကြိုးကြာ ခေါင်းနီငှက်များ ထိန်းသိမ်းရန် WCS တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် မျိုးသုဉ်းမည့် အန္တရာယ်ကြုံတွေ့နေရသည့် ကြိုးကြာ ခေါင်းနီငှက်ကို ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးရန် ကမ္ဘာ့ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာအစီအစဉ်) WCS က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင်လည်း ကြိုးကြာခေါင်းနီများမှာ ဧရာဝတီတိုင်း ဒေသကြီးတွင်သာ အများဆုံး တွေ့ရှိရပြီး ကျန်ဒေသများတွင် ပျောက်ကွယ်လု အခြေအနေတွင် ရှိကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ဧရာဝတီ မြစ်ဝှမ်း ဒေသ ထိန်းသိမ်းရေး တာဝန်ခံ ကိုနိုင်လင်းက ဧရာဝတီသို့ ပြောသည်။

ကိုနိုင်လင်း က “မြန်မာနိုင်ငံမှာ အကောင်ရေ အများဆုံး ရှိတာက ဧရာဝတီတိုင်းပဲ ရှိတော့တယ်။ ဒါသည် ကြိုးကြာ ထိန်း သိမ်းရေး အတွက် နောက်ဆုံး ခံတပ်ပေါ့။ ကြိုးကြာမျိုးသုဉ်း ပျောက်ကွယ် မသွားအောင် ထိန်းသိမ်းဖို့ လုပ်သင့်တဲ့ ခံတပ် ပေါ့” ဟု ပြောသည်။

ကြိုးကြာခေါင်းနီများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ၌လည်း မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော မျိုးစိတ် ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတချို့တွင် မျိုးသုဉ်းနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၌ အကောင် ၂၀၀ မှ ၄၀၀ ကြားသာ ကျန်ရှိတော့သဖြင့် ကြိုးကြာခေါင်းနီ ထိန်းသိမ်းခြင်းနှင့် ကြိုးကြာ အသိုက်များတွေ့ပါက သတင်းပေးကြရန်နှင့် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကြ ရန် WCS က တိုက်တွန်းထားသည်။

ကြိုးကြာခေါင်းနီ သုတေသန လုပ်ငန်းများကို သစ်တော ဦးစီးဌာန၊ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) တို့ ပူးပေါင်း၍ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ဖြစ်သည့်  ဝါးခယ်မ၊ မအူပင်၊ ပန်းတနော်နှင့် အိမ်မဲ မြို့နယ်တို့၌  ဆောင်ရွက်လျက် ရှိသည်။

ကြိုးကြာခေါင်းနီကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရှိရပြီး ထိုင်းနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်ပြီ ဖြစ်သောကြောင့် သားဖောက်၍ ပြန်လည် မွေးမြူထားကြောင်း သစ်တော ဦးစီးဌာန၊ သဘာဝပတ်ဝန်း ကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲမှ သိရသည်။

မြန်မာနိုင်ငံတွင်မူ ကြိုးကြာခေါင်းနီများကို ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် အများဆုံး တွေ့ရှိရပြီး ပဲခူးတိုင်း၊ ရှမ်း ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အနည်းငယ် တွေ့ရကာ ကယားပြည်နယ်တွင် တွေ့ရှိရသော်လည်း ကြိုးကြာ ခေါင်းနီ အရေအတွက် မည်မျှ နေထိုင် ကျက်စားသည်ကို သုတေသနပြု စာရင်းကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သဘာဝ ပတ် ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“လေ့လာ မှတ်တမ်းတင်မှုအား တိုးမြှင့် ဆောင်ရွက်နိုင်လာတာနဲ့ ဒေသခံ ပြည်သူလူထုက ကြိုးကြာခေါင်းနီ ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပိုမိုပူးပေါင်း ပါဝင်လာတာကြောင့်ပဲ အသိုက်တွေကို ပိုတွေ့လာရတာပါ” ဟု ၎င်းက ပြောသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်း စောင့်ကြည့်လေ့လာမှုများ အရ ကြိုးကြာခေါင်းနီ အသိုက်များကို ၂၀၁၆ ခုနှစ်တွင် ၃၃ ခုတွေ့ရှိရပြီး ၂၀၁၇ ခုနှစ်၌ ၁၃၈ ခုထိ တိုးမြင့် တွေ့ရှိလာခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

WCS မှ ကိုနိုင်လင်းကလည်း “ဘာကြောင့် ဒါက ရှားပါးရတာလဲ။ ကိုယ့်နိုင်ငံရဲ့ သယံဇာတတခုပဲ။ သစ်တောဘက်က ဥပဒေနဲ့ ကာကွယ်တာတွေ ရှိတယ်။ ရေရှည်မှာလည်း ထိန်းသိမ်းသင့်တဲ့ အကြောင်းတွေကို သိလာတဲ့ အချိန်မှာ ဒေသခံ တွေက ပူးပေါင်းပြီးတော့ ကြိုးကြာ အသိုက်တွေကို သတင်းပေးတာပေါ့။ သတင်းပေးတဲ့ အတွက် ကျနော်တို့ အသိုက်တွေ ပိုပြီးတော့ များလာတာပေါ့” ဟု ပြောသည်။

ကြိုးကြာငှက်များ မျိုးသုဉ်းလုနီး အခြေအနေ ရောက်ရှိရခြင်းများတွင် ၎င်းတို့၏ နေရင်းဒေသများ ပျောက်ကွယ်ခြင်း၊ စိုက် ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးများ အသုံးပြုခြင်း၊ ကြိုးကြာ အသိုက်များမှ ဥများ ယူဆောင်ခြင်းနှင့် အသိုက်များ အား ဖျက်ဆီးခံရခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းနီ (အမြဲနေငှက်)၊ ကြိုးကြာ ခေါင်းမည်း (ဆောင်းခိုငှက်)နှင့် ကညာကြိုးကြာ စသည့် ကြိုး ကြာ ငှက်မျိုးစိတ် ၃ မျိုးရှိကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲမှ စာရင်းများ အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading