သတင်း

ကရင်ပြည်နယ်တွင် ရေဘေးသင့်ပြည်သူ ၁၆၀၀၀ ကျော် ထိရှိလာ

ကရင်ပြည်နယ်အတွင်း မြစ်ရေများမြင့်တက်လာခြင်းကြောင့် မြို့နယ်အချို့တွင် ရေးကြီးမှုများဖြစ်ပွားလျှက်ရှိရာ ဇူလိုင် ၂၅ ရက်နေ့တွင် ရေဘေးသင့်ပြည်သူ ၁၆၇၉၂ ဦးထိ ရှိလာကြာင်း ပြည်ထောင်စု ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သတင်းရရှိသည်။

သံလွင်မြစ်ရေမှာ ဇူလိုင် ၂၀ ရက်ဝန်းကျင်မှ စတင် မြင့်တက်လာခဲ့ရာ ဇူလိုင် ၂၂ ရက်နေ့က ဘားအံမြို့တွင် ရေဘေးသင့်ပြည်သူ ၁၀၃၆၈ ဦး၊ လှိုင်းဘွဲမြို့တွင် ရေဘေးသင့်ပြည်သူ ၃၀၇၆ ဦး၊ ကော့ကရိတ်မြို့တွင် ရေဘေးသင့်ပြည်သူ ၅၀၆ ဦးနှင့် မြဝတီမြို့တွင် ရေဘေးသင့်ပြည်သူ ၂၈၄၃ ဦးရှိလာပြီ ဖြစ်သည်။

ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ရေသည် ယမန်နေ့ နံနက် ၆ နာရီခွဲက ၈၃၂ စင်တီမီတာရှိနေရာမှ ယနေ့ နံနက် ၆ နာရီခွဲတွင် ၈၄၁ စင်တီမီတာထိ ရှိလာကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ရေဘယ်ကယ်ဆယ်ရေးစခန်း ၁၀ ခုအထိ ဖွင့်လှစ်ထားရပြီး လှိုင်းဘွဲမြို့နယ်တွင်လည်း ရေကြီးမှုများ ဖြစ်ပွားနေခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ်ထားရသည်။

“စနေနေ့ (ဇူလိုင် ၂၁ ရက်နေ့) ညက တက်တာနည်းတယ်၊ တနင်္ဂနွေနေ့ (ဇူလိုင် ၂၂ ရကက်နေ့) ညမှာ အားချင်းတက်တာ၊ တနင်္လာနေ့ (ဇူလိုင် ၂၃ ရက်နေ့) မနက်မှာ အကုန်မြုပ်ပြီး၊ ဒီအပတ်ထဲမှာပဲ ရေစတက်တာကတော့ ဟိုအပတ် သောကြာနေ့ (ဇူလိုင် ၂၀ ရက်နေ့) ကလေ။ ကယ်ဆယ်ရေးစခန်းမှာ လာနေတာ ၃ ရက်ရှိပြီး”ဟု ဘားအံမြို့၊ အမှတ် ၁ ရပ်ကွက်မှ ဒေါ်စန်းစန်းချိုက ပြောသည်။

ယင်းရေဘေးသင့် ပြည်သူများအတွက် လူတဦးလျှင် ဆန် ၂ ဗူးနှင့် ခေါက်ဆွဲခြောက် တထုတ်နှုန်းဖြင့် ၇ ရက်စာ ထောက်ပံ့ပေးသည့်အပြင် အိမ်ထောင်စု တစုလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံးနှင့် ငါးသေတ္တာ ၃ ဗူးဆီဖြင့် ရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း ပြည်ထောင်စု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ပြောသည်။

ဇူလိုင် ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ထားတဲ့ ဘားအံမြို့ပေါ်ရှိ ပြည်နယ်အားကစားရုံ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးရှောင်ပြည်သူ ၁၂၄၈ ဦးရှိနေပြီး ၎င်းထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၁ ဦး၊ ၅ နှစ်အောက်ကလေး ၈၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၇ ဦး ပါဝင်သည်။

“အမတို့ အိမ်ဟာ အုတ်ခြေတိုင်ဟာ ၁၁ ပေရှိတယ်၊ ၁၁ ပေဟာ မြုပ်သွားပြီး၊ အိမ်မကြီးပေါ်မှာ ရေက တစ်တောင်လောက်ရှိတယ်၊ မြေပြင်ကနေပြီးတော့ ၁၃ ပေလောက်ရှိတယ်”ဟု ဒေါ်စန်းစန်းချိုက ဆိုသည်။

မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က ရေဘေးရှောင်ပြည်သူ ၂ ထောင်ကျော်အထိ ရှိခဲ့ရာမှ သောင်ရင်းမြစ်ရေ ပြန်လည်ကျဆင်းသွားသည့် အတွက် ဇူလိုင် ၂၄ ရက်နေ့တွင် ရေဘေးရှောင်ပြည်သူ ၆၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း မြဝတီမြို့ ကျွန်းတော (ဈေး) မှာ ဖွင့်လှစ်ထားတဲ့ ရေးဘေးကယ်ဆယ်ရေးစခန်းမှ သိရသည်။

Loading