ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် တပ်မတော်တို့ ကျေးသီးမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲ ကြောင့် တိမ်းရှောင်နေကြရသော ဒေသခံ ၁၀၀ နေရပ်သို့ ပြန်ကြကြောင်း ကျေးသီး မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်း က ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာ အုပ်စု နမ့်အုပ်ကျေးရွာ အနီး ဇူလိုင် ၂၃ ရက် က RCSS/SSA နှင့် တပ်မတော်တို့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မတ်ဝေါင်း ကျေးရွာနှင့် နမ့်အုပ် ကျေးရွာမှ ဒေသခံ ၁၀၀ ဝမ်ဖိန်း ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် တိုက်ပွဲ ပြန်လည် ငြိမ်သက်သွားပြီ ဖြစ်သည့် အတွက် ဇူလိုင် ၂၄ ရက်က တိုက်ပွဲရှောင် ၁၀၀ အနက် တဝက် ခန့် နေရပ်သို့ ပြန်ကြပြီး ဇူလိုင် ၂၅ ရက်တွင် ကျန်တဝက် နေရပ်ပြန်သွားကြကြောင်း စိုင်းစံမိဏ်းက ပြောပြသည်။
၎င်းက “တနေကုန် ငြိမ်သက်နေတယ်။ အခြေအနေ အနည်းငယ် ကောင်းလာတဲ့ အတွက် တိုက်ပွဲရှောင်တွေ အိမ်ပြန်ကြ ပါပြီ။ ကားမောင်းလို့ မရဘူး။ ရွံ့ဗွက်တွေ ထူတယ်။ ဒါကြောင့် သူတို့ဘာသာ ပြန်သွားတယ်” ဟုလည်း ပြောသည်။
ဝမ်ဖိန်းကျေးရွာသို့ တိမ်းရှောင်လာကြသော မတ်ဝေါင်း ကျေးရွာ၌ အိမ်ခြေ ၅၂ အိမ်ရှိပြီး နမ့်အုပ်ကျေးရွာတွင် အိမ်ခြေ ၃၂ အိမ်ရှိကာ ၂ ရွာပေါင်း လူဦးရေ ၃၅၀ ဝန်းကျင် ရှိကြောင်း သိရသည်။
အဆိုပါ ဒေသရှိ ဒေသခံများသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက လုပ်ကိုင် စားသောက်ကြရခြင်း ဖြစ် သဖြင့် တိုက်ပွဲဖြစ်ပါက ၎င်းတို့၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ အတွက် အခက်အခဲ ဖြစ်စေကြောင်း စိုင်းစံမိဏ်းက ပြောဆို သည်။
“သူတို့က လယ်ယာစိုက်ပျိုးရေးပဲ လုပ်ကိုင်ကြတယ်။ တိုက်ပွဲက ပြန်ဖြစ်ဖို့ ရာခိုင်နှုန်း ၅၀ လောက်ရှိတယ်ဗျ။ အစိုးရတပ် အကုန် ဆုတ် မဆုတ် မသိဘူး။ သူတို့ ၂ ဖွဲ့လုံး တောထဲမှာပဲ နေတာ”ဟု ၎င်းက ပြောသည်။
ကျေးသီးမြို့နယ်အတွင်း၌ RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)တို့ အခြေစိုက် လှုပ်ရှားလျက်ရှိပြီး ကျေးသီး မြို့နယ်ထဲ၌ RCSS နှင့် တပ်မတော်ကြား အပြင် SSPP နှင့် တပ်မတော်ကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
တပ်မတော်နှင့် RCSS ကြား မကြာခဏ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေး ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်က ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးမှုတွင် RCSS နှင့် အစိုးရကြား ချုပ်ဆိုထားသော အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ပြန်လည် သုံးသပ်ရန် ညှိနှိုင်းမှုများ ရှိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။