ဂရိနိုင်ငံတွင် အဆိုဝါးဆုံး တောမီး ကူးစက်လောင်ကျွမ်းမှုကြောင့် မီးသင့်နေအိမ်များနှင့်မော်တော်ယာဉ်များကို ခဲယဉ်းစွာ ငြှိမ်းသတ်နေရပြီး သေဆုံးသူအနည်းဆုံး ၇၄ ဦးနှင့် ဒဏ်ရာရသူ ၁၈၇ ဦးအထိ မြင့်တက်လာနေသည်။
မြို့တော် အေသင် နှင်အနီးတဝိုက်ရှိ အခြားမြို့များတွင်ပါ လေတိုက်နှုန်း တနာရီလျှင် ၁၀၀ ကီလိုမီတာအထိ တိုက်ခတ် နေသဖြင့် ဒေသခံများမှာ မီးဘေးဝေးရာ ပင်လယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး သစ်တောများ၊ ရာနှင့်ချီသော အဆောက်အဦများ မီးသင့်၍ပျက်စီးခဲ့ရသည်။
အဆိုပါမီးဘေးကို “တမျိုးသားလုံးဝမ်းနည်းဖွယ်အထိမ်းအမှတ်” အဖြစ် ဂရိမီဒီယာက ဖော်ပြခဲ့ပြီး ဝန်ကြီးချုပ် အဲလက်စ် တက်စီပရက်စ်က ၎င်း၏ဘော့စနီးယားခရီးစဉ်ကို ဖျက်သိမ်းလိုက်ကာ နိုင်ငံတဝန်းဝမ်းနည်းခြင်းအားဖြင့် ၃ ရက်ကြေညာ ခဲ့သည်။
တနင်္လာနေ့က စတင်ခဲ့သည့် မီးဘေးကြောင့် ပျောက်ဆုံးနေသူများ စာရင်းက အစိုးရက ထုတ်ပြန် နိုင်ခြင်းမရှိသေးဘဲ မီးလောင်သည့်နေရာအချို့တွင် မီးသတ်သမားများက အသည်းအသန် ငြှိမ်းသတ်နေရဆဲဖြစ်သည်။
ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများမှာ မီးဘေးသင့်ရာနေအိမ်များအတွင်းမှ ခြေလျင် (သို့မဟုတ်) မော်တော်ယာဉ် များဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ AFP ဓာတ်ပုံသတင်းထောက်က မီးလောင်သေ ဆုံး နေသော လူနှင့်ခွေးအလောင်း များကို တွေ့ရသည်ဟုဆိုသည်။
အေသင်မြို့၏အရှေ့မြောက်ဘက် ကီလီမီတာ ၄၀ (၂၅ မိုင်) အကွာရှိ မာတီကမ်းခြေမြို့၊ အိမ်ရာဝင်း တခုတွင် ကလေးငယ် များ အပါအဝင် မီးသင့်လောင်ကျွမ်းနေသော လူသေအလောင်း ၂၆ လောင်းကို တွေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးသမား များက ပြောသည်။
“မာတီမြို့ဆိုတာ ပျောက်သလောက်ဖြစ်သွားပါပြီ” ဟု အနီးအနားရှိ ရာဖီနာမြို့တော်ဝန် အီဗန်ဂျီလော့ဘွန်းနော့က ပြောသည်။ မာတီမြို့တွင် ထောင်နှင့်ချီသောအဆောက်အဦများနှင့် မော်တော်ယာဉ် အစင်း ၃၀၀ ကျော် မီးလောင် ပျက်စီးခဲ့သည်။
ဗုဒ္ဒဟူးနေ့တွင် အဆိုပါမီးသည် အေသင်မြို့အနောက်ဘက် ၂၅ ကီလိုမီတာအကွာတွင် တည်ရှိသော ကီနီတာ ကမ်းခြေမြို့ အနီး လူနေအိမ်များကိုပါ ခြိမ်းခြောက်လာနေခဲ့သည်။
မီးသတ်သမားများစွာမှာ ရဟတ်ယာဉ်များ၊ လေယာဉ်များဖြင့် ရေဂါလံထောင်နှင့်ချီ၍ ကောင်းကင်ယံမှ မီးတောက်များပေါ် ဖျန်းချကာ ငြှိမ်းသတ်လျက်ရှိသည်။
မီးဘေးကြောင့် ပျောက်ဆုံးနေသူများကို ဗုဒ္ဒဟူးနေ့တွင် ဆက်လက်ရှာဖွေနေသော်လည်း ပျောက်ဆုံးသူအရေအတွက် ယခုအထိ မသိရသေးကြောင်း မီးသတ်တာဝန်ရှိသူတဦးက ပြောကြားသည်။
ဒဏ်ရာရသူ ၁၈၇ ဦးကို ဆေးရုံတင်ပို့ထားပြီး အင်္ဂ ါနေ့ညနေအထိ ကလေးငယ်များအပါအဝင် ၈၂ ဦးကို အရေးပေါ် ကုသနေပေးကြောင်း၊ အများစုမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း မီးသတ်က ပြောသည်။
မီးငြှိမ်းသတ်ရာတွင် အထောက်အကူရရန် နောက်ရက်များတွင် မိုးရွာမည်ဟု ခန့်မှန်းထားပြီး တနင်္လာနေ့က လေထုအပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်(၁၀၄ ဖာရင်ဟိုက်) အထိ ရှိခဲ့သည်။